အတားအဆီးများကိုကျော်ဖြတ်ပြီး အောင်မြင်သည့် နပန်းမယ်ဖြစ်လာသူ

နီတူးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဟာ လူသားအဖြစ် ရှင်သန်ရပ်တည်မှုနဲ့ အားကစား အောင်ပွဲကြားက သာဓကတခုလို့ ပြောရမှာပါပဲ။
သူဟာ ၁၂ နှစ်သမီး အရွယ်မှာပဲ အိမ်ထောင်ကျခဲ့ကာ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီး လက်ရှိမှာတော့ အိန္ဒိယနိုင်ငံရဲ့ အောင်မြင်တဲ့ နပန်းမယ်တဦး ဖြစ်လာခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အမျိုးသားအားကစားပြိုင်ပွဲမှာ နပန်းအားကစား ကြေးတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
“ကျမအသက် ၂၁ နှစ်ရှိပါပြီ။ ဒါတွေအားလုံးက ကျမအသက် ၁၂ နှစ်သမီးလောက်က စခဲ့တာပါ။ ကျမ စိတ်ရောဂါရှင် အသက် ၄၀ အရွယ် အမျိုးသားတယောက်နဲ့ တရားမဝင် လက်ထပ်ခဲ့ရတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး။ ၂ လလောက်ကြာတော့ ကွဲသွားခဲ့တယ်။ ၁၄ နှစ်အရွယ်ရောက်တော့ နောက်တကြိမ် လက်ထပ်လိုက်ရပြန်တယ်။ အမြွှာကလေး ၂ ယောက် ရခဲ့တယ်” လို့ နီတူးက ပြောပါတယ်။
သူဟာ ကလေးတွေ မွေးဖွားပြီးချိန်မှာ ဒီအားကစားနယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့ပြီး ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
နပန်းအားကစားက သူ့ရဲ့ဘဝကို တကျော့ပြန် ထူမတ်နိုင်မယ့် မျှော်လင့်ချက်နဲ့ လေ့ကျင့်ခဲ့ရတာပါ။
သူဟာ မိသားစုနဲ့ဝေးတဲ့ အခန်းကျဉ်းလေးတခုထဲမှာ နေထိုင်ပြီး လေ့ကျင့်နေခဲ့ရကာ ကလေးတွေကိုလည်း ရံဖန်ရံခါမှသာ သွားတွေ့နိုင်တယ်လို့ ဆိုပါတယ်။
သူ ဒါကို စတင်လေ့ကျင့်ချိန်မှာ တရွာတည်းက မိတ်ဆွေတွေ၊ လူတွေအားလုံးက ဘယ်လိုမှ အောင်မြင်လိမ့်မယ်လို့ မယုံကြည်ခဲ့ကြပါဘူး။
“ကျမ ဒါကို အနစ်နာခံ၊ ဆင်းရဲဒုက္ခခံပြီး လေ့ကျင့်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ နပန်းက ကျမရဲ့ဘဝ ဖြစ်နေလို့ပါပဲ။”
ရွာထဲကလူတွေကတော့ ကလေး ၂ ယောက်အမေ အမျိုးသမီးတယောက်အနေနဲ့ နပန်းမယ်တဦးဖြစ်လာဖို့ အိပ်မက်ဟာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြတာပါ။
နောက်ပြီး ဝင်ငွေနိမ့်ပါးတဲ့ လူတွေအဖို့ အိပ်မက်ဆိုတာ မရှိစကောင်းတဲ့ အရာလို့လည်း ပြောခဲ့ကြပါသေးတယ်။
“ဆာလောင်ငတ်မွတ်မှုကို ကျမကိုယ်တိုင် သိပါတယ်။ လေ့ကျင့်မှုတွေနဲ့ လုံးထွေးနေရတုန်းက ကျမမှာ စားသောက်ဖို့ ငွေလုံလုံလောက်လောက် မရှိပါဘူး။ တခြား မိန်းကလေးတွေကတော့ သစ်သီးဖျော်ရည်တို့ ချိစ်တို့ စားနေချိန်မှာ ကျမကတော့ ရေကိုပဲ အားပြုသောက်နေခဲ့ရတယ်။ ကျမက စိတ်ဓာတ်ကြံ့ခိုင်သူဆိုတာ ကျမသိတယ်လေ။ ဘာလို့လဲဆိုတော့ အဲဒါဟာ အရာရာပဲမို့လို့ပေါ့။”
ပြိုင်ပွဲမှာ ဆုတံဆိပ်ရခဲ့ပြီးချိန်မှာတော့ အရာရာဟာ ပြောင်းလဲသွားခဲ့တော့တာပါပဲ။
“ကျမ ရွာကို ပြန်သွားခဲ့ချိန်မှာ ကျမကို အားလုံးက သောင်းသောင်းဖြဖြ ကြိုဆိုနေကြတယ်။ ချီးကျူးကြတယ်။ တချိန်က ကျမကို မယုံကြည်ခဲ့သူတွေကလည်း ကျမဆီမှာ သူတို့ရဲ့သမီးတွေကို လေ့ကျင့်သင်ကြားပေးဖို့ လာအပ်ကြတယ်လေ။”
လက်ရှိ နီတူးရဲ့ အိပ်မက်ကတော့ အိုလံပစ်အားကစားပြိုင်ပွဲမှာ ဆုတံဆိပ် ဆွတ်ခူးနိုင်ဖို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။