မက်ဆီ၊ ဆွာရက်ဇ်တို့နှင့် တွဲကစားရမည့်အပေါ် စိတ်လှုပ်ရှားမိဟု ကော်တင်ဟို ပြော

မက်ဆီ၊ ဆွာရက်ဇ်တို့လို ကစားသမားကောင်းတွေနဲ့ တွဲဖက်ကစားရမယ့်အပေါ်မှာ စိတ်လှုပ်ရှားမိတယ်လို့ ဘာစီလိုနာ ကစားသမားသစ် ကော်တင်ဟိုက ပြောကြားလိုက်ပါတယ်။ အသက် ၂၅ နှစ်ရှိ ဘရာဇီးလက်ရွေးစင် ကော်တင်ဟိုကို ဘာစီလိုနာအသင်းက လီဗာပူးအသင်းဆီကနေ ပေါင် ၁၄၅ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ ကော်တင်ဟိုအနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာပြီးရင် ဒုတိယ တန်ဖိုးအမြင့်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မက်ဆီ၊ ဆွာရက်ဇ်၊ အင်နီယေစတာ၊ ပီကေး၊ ဘက်စကွက်တို့လို ကောင်းမွန်တဲ့ သမိုင်းမှတ်တမ်း အများကြီးရှိတဲ့ စံပြကစားသမားတွေနဲ့ အတူတွဲဖက် ကစားရမှာကို စိတ်လှုပ်ရှားမိပြီး မိမိရဲ့အိပ်မက်တွေလည်း အမှန်တကယ်ဖြစ်လာပြီလို့ စာချုပ်ချုပ်ဆိုအပြီးမှာ ကော်တင်ဟိုက ပြောပါတယ်။ ကစားသမားကောင်းတွေဆီကနေ သင်ယူလေ့လာမှုတွေ လုပ်ဆောင်ပြီး အောင်မြင်မှုတွေရအောင် အတူတကွ ကြိုးစားသွားမယ်လို့လည်း ကော်တင်ဟိုက ဆိုပါတယ်။ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ၅ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး ပြိုင်ဘက်အသင်းတွေရဲ့ ခေါ်ယူမှုကို ကာကွယ်ဖို့အတွက် စာချုပ်လျော်ကြေးအဖြစ် ပေါင် ၃၅၄ သန်းအထိ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up