Home
မြန်မာသတင်း
နိုင်ငံပိုင်သတင်းစာပါ အကြမ်းဖက်လုပ်ရပ် စွပ်စွဲချက်များ ကေအိုင်အေပယ်ချ
နန်းမြနဒီ
·
April 30, 2012
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ)တွေရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်ဘေးအန္တရာယ်နဲ့ ကြုံနေရတယ်လို့ ခုရက်ပိုင်းထုတ်  နိုင်ငံပိုင် သတင်းစာတွေမှာ နေ့စဉ်ဆိုသလို စွပ်စွဲဖော်ပြချက်တွေဟာ မဟုတ် မှန်ကြောင်း ကေအိုင်အေ ဘက်က ငြင်းဆိုလိုက်ပါတယ်။ ဧပြီ ၂၉ ရက်နေ့ မနက်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲမှာ ပြေးဆွဲနေတဲ့ မန္တလေး-မြစ်ကြီးနား အထူးအိပ်စင်ရထား ဟာ ကေအိုင်အေ ထောင်ထားတဲ့ မိုင်းနင်းမိလို့ ရထားတွဲ ၈ တွဲ လမ်းချော်ပြီး  ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ စွပ်စွဲဖော်ပြလိုက်တာပါ။ ဒါ့အပြင် ဧပြီ ၂၆ ရက်နေ့တုန်းကလည်း မိုင်းမောက်မြို့နယ် ကုန်းနှောရွာထဲကို  ကေအိုင်အေက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ၅ နှစ်သား ကလေးငယ်တဦး သေဆုံးပြီး ဒေသခံ ၂ ဦး ဒဏ်ရာရခဲ့တဲ့အကြောင်း၊ ၀ိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲမှာလည်း အထွေထွေ အုပ်ချုပ်ရေးဌာနကို ၀င်စီးပြီး ၀န်ထမ်းတွေကို ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့တာပါ။ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကေအိုင်အေ ပြောခွင့်ရ ဦးလနန်းက  “ပေါက်ကွဲမှု ဖြစ်တိုင်းက အစိုးရဘက်က ကေအိုင်အေကို ပစ်တာချည်းပဲ။ ဒါက လုပ်နေကျကိစ္စ။ ဘယ်သူက ဘယ်သူ့ကို ပစ်တယ်ဆိုတာ သက်သေမရှိဘူးဆိုတော့ ပြောဖို့တော့ ခက်မယ်ထင်တယ်။ တောမီးလောင်တဲ့အခါမှာ တောကြောင်က လက်ခမောင်းခတ်တဲ့ ပုံစံမျိုးဟာ အများကြီး ဖြစ်ပါတယ်။ အစိုးရကို ဆန့်ကျင်ချင်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ကေအိုင်အေနဲ့ အစိုးရတပ် တိုက်ပွဲ ဖြစ်တဲ့အခါ ကြားမှာနေပြီးတော့ လုပ်စားသွားသူတွေလည်း ရှိပါလိမ့်မယ်။ ပေါက်ကွဲမှုဖြစ်တိုင်း ကေအိုင်အေ ထောင်ထားတယ်ဆိုတာမျိုး တစွတ်ထိုး ပြောဆိုတာက လွန်တယ်လို့ ဆိုရမယ်ဗျ။” ဒီလ ၂၆ ရက်နေ့ နေ့ခင်းပိုင်းက ခမရ ၅၂၈ အစိုးရတပ်က ၀ိုင်းမော်မြို့နယ် ဘန်ရှောင်ရွာထဲဝင်ပြီး ရွာသားပိုင် စပါးကျီတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ရွာသား ၁၀၀ လောက် လိုင်ဇာဘက် ထွက်ပြေးခိုလှုံလာတယ်လို့ ဦးလနန်းက ပြောပါတယ်။ ဒါ့အပြင် အစိုးရတပ်တွေက ကေအိုင်အိုရဲ့  လိုင်ဇာစခန်းကို  ဘက် ၃ ဘက်က ၀န်းရံပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အကြောင်း၊ ဒါပေမယ့် ကေအိုင်အို တပ်ဖွဲ့တွေက ဌာနချုပ် လိုင်ဇာတခုတည်းမှာ စုနေတာမဟုတ်ဘဲ တခြားဒေသမှာ ပြန့်နေတဲ့အတွက် ဗဟိုကို ထိပါးလာမယ်ဆိုရင် တခြားဒေသတွေမှာ တိုက်ပွဲတွေပိုပြီး ကျယ်ပြန့်လာမယ်လို့ ကေအိုင်အေက ပြောပါတယ်။ တိုက်ပွဲတွေရပ်ပြီး ပြဿနာတွေ ငြိမ်းအေးဖို့ ကေအိုင်အိုကလည်း အစိုးရနဲ့ ဆွေးနွေးလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း ပြီးခဲ့တဲ့အပတ်က မြစ်ကြီးနားမှာတွေ့ဖို့ အစိုးရက ကမ်းလှမ်းတဲ့အပေါ် ကေအိုင်အိုက ငြင်းဆန်တာဟာ နေရာအနေအထားကြောင့်ပဲ ဖြစ်ပြီး အဆင်ပြေနိုင်မယ့် လွယ်ဂျယ်မြို့နယ် ပန်ဝိုင်ရွာမှာ တွေ့ဆုံဆွေးနွေးဖို့ ဧပြီ ၂၉ ရက်နေ့က အစိုးရငြိမ်းချမ်းရေး အကျိုးဆောင်တွေကနေ တဆင့် စာပို့ထားတယ်လို့ ဦးလနန်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024