Home
မြန်မာသတင်း
မည်သူမျှ မနိုင်သည့်စစ်ပွဲကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းရန် တိုက်တွန်း
DVB
·
January 8, 2018
ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ အကောင်းဆုံးဖြေရှင်းတဲ့ နည်းလမ်းဟာ နိုင်ငံရေး ဆွေးနွေးမှု ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။ ရခိုင်အမျိုးသားပါတီ(အေအန်ပီ) နှစ်ပတ်လည် ၄ ရက်တာ ကျင်းပခဲ့တဲ့ အစည်းအဝေးအပြီး ဇန်နဝါရီ ၇ ရက်က သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို အခုလို ပြောဆိုလိုက်တာပါ။ “ဒီပြည်တွင်းစစ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကလည်း အရင်တုန်းက ပြောသလို ဒီစစ်တပ်ကို အပြတ်ချေမှုန်းပြီးတော့ စစ်အနိုင်တိုက်ပြီးတော့ အောင်ပွဲရယူမယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။ အဲဒီတော့ ဘယ်သူမှမနိုင်တဲ့ စစ်ပွဲမှာ အကောင်းဆုံးဖြေရှင်းနည်းက နိုင်ငံရေး ဆွေးနွေးပွဲ၊ Political Diaglogue ပဲ၊ နိုင်ငံရေးဆွေးနွေးမှုကို ကျနော်တို့ တောက်လျှောက် ယုံကြည်လာခဲ့တယ်။ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို ဇန်နဝါရီ နောက်ဆုံးအပတ်မှာ ကျင်းပကြတော့မှာဖြစ်ပြီး လက်ရှိ ကျန်တိုင်းနဲ့ ပြည်နယ်တိုင်းတွေမှာ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဆောင်နေကြတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ခွင့်မရတဲ့အပေါ်လည်းမှာ သူက အခုလိုပြောပါတယ်။ “ရခိုပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့အတွက် ကျနော်တို့ အေအန်ပီဘက်ကလည်း ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်။ ဒါပေမယ့် သူတို့ဘက်က ပြောတာတော့ ရခိုင်ရဲ့ အခြေအနေဟာ ထိလွယ်ရှလွယ် ဖြစ်နေတဲ့အတွက်ကြောင့် လုပ်ခွင့်မပေးနိုင်ဘူး ဆိုတာကိုတော့ တန်းခံပြီးတော့ ပြောပါတယ်။ ဒါက သူတို့ဘက်က ပြောတဲ့ အဖြေပါပဲ။” အခုလို ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ခွင့်မရပေမယ့် NCA မှာ လုပ်မယ့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(အေအယ်လ်ပီ) နဲ့ ရခိုင်အမျိုးသားပါတီ အပါအဝင် ရခိုင်ပြည်နယ်ရှိ CSO တွေ ပူးပေါင်းပါဝင်ပြီး နိုင်ငံရေးနှီးနှောဖယ်လှယ်ပွဲတွေကိုတော့ ရခိုင်ပြည်နယ်ရှိ ခရိုင် ၅ ခုမှာ လုပ်ခွင့်ပေးဖို့ ယေဘုယျ ခွင့်ပြုထားတယ်လို့ ပြောပါတယ်။ သတင်း - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024