Home
မြန်မာသတင်း
ဒေါက်တာအေးမောင် ဥက္ကဋ္ဌရာထူး ယာယီဆိုင်းငံ့ရန် ရခိုင်အမျိုးသားပါတီဆုံးဖြတ်
DVB
·
January 7, 2018
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် နုတ်ထွက်စာတင်ထားတာကို ပြန်လည်သုံးသပ်သွားဖို့နဲ့ ဥက္ကဋ္ဌရာထူးကနေ ယာယီဆိုင်းငံ့ဖို့ ပါတီအစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ ရခိုင်အမျိုးသားပါတီ (အေအန်ပီ)ရဲ့ ၄ ရက်တာ အစည်းအဝေးပြုလုပ်ပြီးနောက် ဒီကနေ့ နေ့လယ်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို အခုလိုပြောဆိုလိုက်တာပါ။ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “နုတ်ထွက်စာ တင်ထားတဲ့ အချိန်မှာတော့ ပြန်လည်သုံးသပ်ဖို့အတွက်  အချိန်အတိုင်းအတာတခုတော့ ပေးထားမယ်။ နုတ်ထွက်လွှာကို ပြန်လည်သုံးသပ်နေတဲ့ အချိန်အတောအတွင်းမှာ ဥက္ကဋ္ဌနေရာကို ရပ်ဆိုင်းထားမယ်လို့ ကျနော်တို့ ဗဟိုအလုပ်မှုဆောင်ကော်မတီက ဆုံးဖြတ်ပါတယ်။ အဲ့ဒီနေရာမှာ ပုဒ်မ၇၃ (ဂ) အရ လစ်လပ်တဲ့ ဥက္ကဋ္ဌ နေရာကိုလည်း ခန့်အပ်ခြင်း မပြုဘဲနဲ့ ဥက္ကဋ္ဌအဖွဲ့အတွင်းရေးမှူးအဖွဲ့က စုပေါင်း ဆောင်ရွက်မှုနဲ့ပဲ ပါတီလက်ရှိ ဆောင်ရွက်စရာ ကိစ္စများကို စုပေါင်းလုပ်ဆောင်မှုနဲ့ပဲ ကျနော်တို့ လုပ်ဆောင်သွားမယ်။ အဲ့ဒီလိုပဲ ကျနော်တို့ ဆုံးဖြတ်ပါတယ်” လို့ ပြောပါတယ်။ ပါတီဥက္ကဋ္ဌနေရာ ဆိုင်းငံ့တဲ့ အချိန်ကို အတိုင်းအတာတခုအနေနဲ့ ထားရှိမှာဖြစ်ပြီး ဘယ်လောက်ကြာ ဆိုင်းငံ့သွားမယ်ဆိုတာတော့ မပြောခဲ့ပါဘူး။ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က “ဥက္ကဋ္ဌက နုတ်ထွက်စာတင်ပြီးတော့ စဉ်စားဖို့ အချိန်ပေးထားတဲ့အချိန်မှာ ပါတီက ရပ်တန့်ထားလို့မရဘူး။ စုပေါင်းခေါင်းဆောင်မှုနဲ့ ပါတီရဲ့ ကိစ္စတွေကို ဆောင်ရွက်သွားမယ်ဆိုတာကို ဆုံးဖြတ်ထားပါတယ်” လို့ ပြောပါတယ်။ ရခိုင်အမျိုးသားပါတီ (အေအန်ပီ) နှစ်ပတ်လည်အစည်းအဝေး တက်ရောက်ဖို့  ဒေါက်တာအေးမောင်ကို ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်လာခြင်းမရှိဘူးလို့ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ဒေါက်တာအေးမောင်ဟာ ပါတီကနေ နုတ်ထွက်ခွင့် တင်ပြထားတာ ဖြစ်ပါတယ်။ ဒီ ၄ ရက်ကြာ ဆွေးနွေးမှုမှာတော့ ပါတီရှေ့ရေး အခြေအနေတွေကို အလေးပေးဆွေးနွေး ခဲ့ကြသလို ရခိုင်နိုင်ငံရေး အခြေအနေတွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသက ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး မြို့နယ်ကိုယ်လှယ်စားတွေရဲ့ သဘောထားတွေကိုလည်း ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024