အမေရိကန်လွှတ်တော်ကိုယ်စားလှယ်ကို လိင်ပိုင်းဆိုင်ရာအမှုဖြင့် စွပ်စွဲခဲ့သူနေအိမ် မီးရှို့ခံရ
အမေရိကန် အထက်လွှတ်တော် ကိုယ်စားလှယ် ရွိုင်မိုးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ စွပ်စွဲခဲ့တဲ့ အမျိုးသမီးရဲ့နေအိမ် မီးလောင်ခံခဲ့ရပါတယ်။
အလာဘားမား ပြည်နယ်က တီနာဂျွန်ဆင်ရဲ့ အိမ်ဟာ ဗုဒ္ဓဟူးနေ့က မီးလောင် ခံခဲ့ရတာပါ။
မီးလောင်ချိန်မှာ အိမ်မှာ သူ့မိသားစုထဲက တယောက်မှ ရှိမနေခဲ့ဘူးလို့ တီနာက ပြောပါတယ်။
မီးလောင်မှုကို မီးရှို့မှုအဖြစ်ယူဆပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
ဒါပေမယ့် ရွိုင်မိုးအပေါ် တီနာရဲ့ စွဲချက်နဲ့တော့ ဘာမှမဆိုင်ဘူးလို့ ယုံတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တီနာဟာ ရွိုင်မိုးကို လူသိရှင်ကြား တရားစွဲသူ အမျိုးသမီး အတော်များများထဲက တဦးပါ။
ရွိုင်မိုး၁၉၉၁ ခုနှစ်က သူ့ရဲ့ ရှေ့နေရုံးမှာ တီနာကို လက်သရမ်းခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။ ရွိုင်မိုးကတော့ ဘယ်လိုအမှားမှ မကျူးလွန်ထားဘူးလို့ ငြင်းခဲ့တာပါ။
ဒါပေမယ့် အရင်လက ကျင်းပတဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲကို ရှုံးနိမ်ခဲ့ပါတယ်။