မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဖုန်းဖြင့်ဆွေးနွေးရန် ဆန္ဒရှိကြောင်း ထရမ့် ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တယ်လီဖုန်းကနေ ပြောဆိုဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ပြောလိုက်ပါတယ်။ မြောက်နဲ့တောင် ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးမှုတွေကနေ အကောင်းဆုံးဖွံ့ဖြိုးတိုးတက်မှုတွေ ထွက်ပေါ်လာဖို့ သူက မျှော်လင့်နေတာပါ။ မြောက်ကိုရီးယားဘက်က နောက်အပတ်မှာ တောင်ကိုရီးယားနဲ့ ဆွေးနွေးပွဲ ကျင်းပဖို့ ဇန်နဝါရီ ၅ ရက်နေ့မှာ သဘောတူခဲ့ပြီး ဒါက ၂ နှစ်ကျော်ကာလအတွင်း ပထမဦးဆုံးအကြိမ်လို့ သိရပါတယ်။ မေရီလန်းပြည်နယ်က သမ္မတအတွက် သီးသန့်နေရာ ကမ့်ပ်ဒေးဗစ်မှာ ထရမ့်က သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပြီး ကြိုတင်သတ်မှတ်ချက်တွေ မပါတာမျိုးမဟုတ်ပဲ ကင်မ်နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့တာပါ။ “လုံးဝကို ကျနော် လုပ်ကောင်း လုပ်နိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော့်မှာ လုံးဝ ပြဿနာ မရှိပါဘူး” လို့ ထရမ့်က ပြောပါတယ်။ ကင်မ်က နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ခဲ့လို့ ထရမ့်က ကင်မ်ကို ဒုံးကျည်လူသားလို့ ထပ်တလဲလဲ ခေါ်ဆိုကာ သူသမ္မတဖြစ်ကတည်းက တဦးနဲ့တဦး အပြန်အလှန်စော်ကားပြောဆိုတာတွေ လုပ်ခဲ့ကြတာပါ။ ဒီအပတ်အစောပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က သူ့စားပွဲပေါ် နျူကလီးယားခလုတ်ရှိတယ်၊ သူ့မှာ ခလုတ်အကြီးကြီးရှိတယ်လို့ ပြောပြီး စော်ကားမှုကို ထရမ့်ပ်က ခေါင်းထဲက ဖယ်ထုတ်ခဲ့ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားရဲ့ ဆွေးနွေးမှုတွေက ကိုရီးယားအတွင်းပိုင်း ဆက်ဆံရေးနဲ့ နောက်လမှာ တောင်ကိုရီးယားမှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပွဲ အဆင်ပြေနိုင်ဖို့ မျှော်လင့်ရပါတယ်။ ထရမ့်ကတော့ သူ့ရဲ့ပုံမှန် ဖိအားတွေကြောင့်လို့ ပြောပြီး ဆွေးနွေးမှုတွေကနေ တင်းမာမှုတွေ လျော့ကျနိုင်ပြီး သံတမန်အခက်အခဲပြဿနာတွေကို ကျော်ဖြတ်နိုင်တာလို့ သူက ယူဆနေပါတယ်။ “ကြည့်ပါ ခု သူတို့ အိုလံပစ်ပွဲကိစ္စ ပြောနေပြီ။ ဒါက အစပါ၊ အစအကြီးကြီးပါ။ အကယ်၍ ကျနော်သာ မပါခဲ့ရင် ခုချိန်မှာ သူတို့တွေ ဆွေးနွေးမှုတွေ လုံးဝ လုပ်နိုင်မယ် မဟုတ်လောက်ဘူး” လို့ ထရမ့်က ပြောပါတယ်။ “အကယ်၍ ဆွေးနွေးမှုတွေကနေ တခုခုအကျိုးဖြစ်လာခဲ့ရင် လူ့ဘောင်နဲ့ လူသားအားလုံးအတွက် အရမ်းကောင်းပါတယ်။ ကမ္ဘာကြီးအတွက်လည်း ကောင်းတဲ့ ကြီးကျယ်တဲ့ အရာပါ” လို့ သူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up