A d v e r t i s e m e n t With Us

ဂျေရုဆလင်ရောက် ခရစ်ယာန်ဘုန်းတော်ကြီးကို ပါလက်စတိုင်းများ ဆန္ဒပြ

ဂျေရုဆလင်မြို့ကို ရောက်လာတဲ့ ဂရိလူမျိုး အော့သိုဒေါ့ခ်စ် ခရစ်ယာန် ဂိုဏ်းအုပ် ဘုန်းတော်ကြီးကို ပါလက်စတိုင်းတွေက ဆန့်ကျင် ဆန္ဒပြ ခဲ့ကြပါတယ်။ ပါလက်စတိုင်း လူအုပ်စုတစုက ဂရိလူမျိုး အော်သိုဒေါ့က်စ် ခရစ်ယာန်ဂိုဏ်းအုပ် ဘုန်းတော်ကြီးရဲ့ ကားကို ဝိုင်းထုထောင်းနေတာကို မနေ့ပ မြင်ရတာပါ။ ဘုရားကျောင်းမြေကို ဂျူးအုပ်စုတွေဆီ ရောင်းဖို့ ခရစ်ယာန် ဘုရားကျောင်းရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင် ဆန္ဒပြတဲ့အနေနဲ့ ဘုန်းတော်ကြီးက သိမ်းပိုက်ခံ အနောက်ဘက် ကမ်းပါးကို လာရောက်လည်ပတ်ချိန်မှာ ခုလိုလုပ်တာပါ။ မြေတွေကို ပိုင်ဆိုင်သူ အထောက်အထား လက်မှတ်ပြောင်းဖို့ ရောင်းနေတာလို့ ဆန္ဒပြသူ ယာဘောက်စ် ယဉ်ကျေးမှုအဖွဲ့ ညွှန်မှူးက ပြောပါတယ်။ ဘာသာရေးအရ မြင့်မြတ်တဲ့ မြေမှာ ဂရိ အော်သိုဒေါ့စ် ဘုရားကျောင်းဟာ အကြီးဆုံး ပုဂ္ဂလိက မြေရှင်တွေထဲမှာ ပါပါတယ်။ လတ်တလော နှစ်တွေအတွင်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေဆီကို ပိုင်ဆိုင်မှုတွေ ရောင်းချဖို့ ကြိုးစားတဲ့အတွက် အစ္စရေးနဲ့ ပါလက်စတိုင်းတွေကြား အငြင်းအခုံတွေ ဖြစ်ခဲ့ကြ ပါတယ်။ အရောင်းအဝယ်တွေထဲမှာ အရှေ့နဲ့ အနောက် ဂျေရုဆလင် နယ်မြေထဲက ပိုင်ဆိုင်မှုတွေနဲ့အတူ ရှေးဟောင်း ဆိပ်ကမ်းမြို့တွေ ဖြစ်တဲ့ ဂျက်ဖှ်ဖာနဲ့ ခေးဇာရီးယား မြို့တွေထဲက ပိုင်ဆိုင်မှု တွေလည်း ပါပါတယ်။ ဂျူးနဲ့ အစ္စရေး ရင်းနှီးမြှုပ်နှံသူတွေကဝယ်ဖို့ အလားအလာ ရှိသူတွေလို့ သူတို့က ဖော်ထုတ်ခဲ့ကြပါတယ်။ ဘုရားကျောင်း အရာရှိတွေက နှစ်ချီ အတိုးတက်နေတဲ့ အကြွေးတွေ ဆပ်ဖို့ မြေတွေကို ရောင်းဖို့ လိုတယ်လို့ ပြောခဲ့ကြတာပါ။ ခုချိန်ထိ ခရစ်ယာန် ဘုရားကျောင်းဟာ နေထိုင်သူတွေကို နှစ်ရှည် စာချုပ်နဲ့ မြေငှားပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up