Home
မြန်မာသတင်း
ချင်းပြည်နယ် ဧရိယာ ထက်ဝက်ခန့်သာ မိုဘိုင်းကွန်ရက် ဖြန့်ကြက်နိုင်
ပိုင်စိုး
·
January 6, 2018
ချင်းပြည်နယ်ရဲ့ လူဦးရေ သုံးပုံတပုံကျော်ဟာ မိုဘိုင်းဆက်သွယ်ရေးကို အသုံးမပြုကြသလို ပြည်နယ်ဧရိယာရဲ့ ထက်ဝက်လောက်ကိုပဲ မိုဘိုင်းကွန်ရက် ဖြန့်ကြက်ထားနိုင်တယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိပါတယ်။ ဒီပမာဏဟာ မြန်မာနိုင်ငံမှာ အသုံးမပြုသူ အများဆုံးရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မိုဘိုင်းဆက်သွယ်ရေးအသုံးမပြုသူ ၂၉ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဒုတိယ အများဆုံး ရှိနေပြီး၊ ရှမ်းမြောက်၊ တနင်္သာရီ၊ ကချင်နဲ့ ကရင်ပြည်နယ်တွေက အများဆုံးဆုံးစာရင်းမှာ ရှိနေပါတယ်။ ဒီစာရင်းဟာ မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍ မဟာဗျူဟာ မူကြမ်းရဲ့ အဓိက အချက်အလက်တွေ ဖြစ်ပါတယ်။ ဒါကို Universal Service လို့ ခေါ်ပြီး နိုင်ငံထဲက လူတိုင်းဟာ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို အသုံးပြုခွင့်ရရေးနဲ့ အသုံးပြုခွင့်ရဖို့ ဖြည့်ဆည်းဆောင်ရွက်မယ့် မူဝါဒ ပန်းတိုင်ဖြစ်တယ်လို့ ဆိုပါတယ်။ ကျေးလက်နဲ့ ဝေးလံတဲ့ နေရာတွေမှာ နေသူတွေ၊ ဆင်းရဲမွဲတေတဲ့ အိမ်ထောင်စုတွေ၊ မသန်စွမ်းသူတွေကို အဓိက ရည်ရွယ်ပြီး နေရာဒေသ၊ ကျားမ၊ လူမျိုး ကိုးကွယ်ရာဘာသာ စသည်ဖြင့် မခွဲခြားဘဲ အားလုံးသူ ဝန်ဆောင်မှုကို ရဖို့အတွက်ဖြစ်ပါတယ်။ ဒီစီမံကိန်းအရ လာမယ့် ငါးနှစ် ၂၀၂၂ ခုနှစ်မှာ လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းဟာ ဖုန်းခေါ်ဆိုတာလုပ်နိုင်ဖို့နဲ့ ၉၅ ရာခိုင်းဟာ မြန်နှုန်းမြင့် အင်တာနက်ကို သုံးလာနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်း အော်ပရေတာတွေရဲ့ ခန့်မှန်းချက်အရ ပြည်တွင်းလူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းကို ၂၀၁၆ ခုနှစ်မှာ လွှမ်းခြုံထားပြီဖြစ်တယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းခြင်း ရန်ပုံငွေအတွက် လက်ရှိ အော်ပရေတာတွေက ပေးသွင်းရမှာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂၁ သန်းအထိ ရမယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024