ရိုက်တာသတင်းထောက်များနှင့်ဆက်စပ် ဖမ်းဆီးခံရသူ ၃ ဦး ပြန်လွတ်
DVB
·
January 6, 2018
ရိုက်တာသတင်းထောက်တွေနဲ့ဆက်စပ်ပြီး ထိန်းသိမ်းခံထားရတဲ့ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသား ၃ ယောက် မနေ့မနက်ပိုင်းက ပြန်လည်လွတ်မြောက်လာပါတယ်။
ဦးမောင်သိန်းဖြူနဲ့ ကျောင်းဆရာ ဦးထွန်းနိုင်တို့နှစ်ယောက်ဟာ ဒီဇင်ဘာ ၁၅ ရက် နေ့လယ်က မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ပဲရုံးကျေးရွာမှာ ဖမ်းဆီးခံခဲ့ရပြီး မောင်ဝင်းဖြူကတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့က အဖမ်းခံခဲ့ရတာပါ။
အင်းဒင်ရွာသားတယောက်က “ကျောင်းဆရာညီ ဦးထွန်းအေး တယောက်ပဲ မလွတ်ပဲ ကျန်နေသေးပြီး လွတ်လာသူတွေဟာ အာမခံနဲ့ လွတ်တာလား၊ အပြီးလွတ်တာလား ဆိုတာတော့ မသိပေမယ့် လွတ်လာတာတော့ တွေ့ပြီး အားလုံး ကျန်းကျန်းမာမာ တွေ့ရပါတယ်" လို့ ပြောပါတယ်။
လွတ်လာသူတွေကို ဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် သတင်းထောက်ဆိုရင် စိတ်နာလို့ မဖြေပါရစေနဲ့လို့ပဲ ပြန်ပြောခဲ့ပါတယ်။
ဒီဇင်ဘာလ ဒုတိယပတ်ထဲမှာ အင်းဒင်ရွာက လက်ထောက်ပညာရေးမှူးတယောက်၊ ကျောင်းအုပ်တယောက် အပါအဝင် ကျောင်းဆရာ လေးယောက်နဲ့ ရွာသားတယောက်ကို ဖမ်းဆီးခဲ့တာပါ။
သူတို့ဟာ ဖမ်းဆီးမခံရခင် ရက်ပိုင်းက ရိုက်တာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့သူတွေ ဖြစ်တယ်လို့ ရွာသားတွေက ခန့်မှန်းပြောဆိုကြပြီး ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရပါဘူး။ ပြီးတော့ သူတို့ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရှင်းလင်းပြောဆိုတာလည်း မရှိခဲ့ပါဘူး။
ရိုက်တာ သတင်းထောက်နှစ်ယောက်ကို ဒီဇင်ဘာ ၁၂ ရက်နေ့က နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ ဖမ်းဆီးပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။