ကေအန်ပီပီ ရဲဘော်အချို့ အသတ်ခံရမှု အမှုမှန်ပေါ်ရေး ဆန္ဒပြသူများကို ဖမ်းဆီးထောင်ပို့
DVB
·
January 6, 2018
ကေအန်ပီပီရဲဘော်တွေနဲ့ ရွာသားတယောက်ကို တပ်မတော်က ဖမ်းဆီး သတ်ဖြတ်ခဲ့လို့ အမြန်ဆုံးဖော်ထုတ်အရေးယူဖို့ တောင်းဆိုဆန္ဒပြသူတွေကို တရားစွဲ ထောင်ချုပ်ကို ပို့လိုက်သလို ဒါနဲ့ပတ်သက်ပြီး မနေ့က လွိုင်ကော်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ကရင်နီ လူထု ၁၀၀၀ လောက်က လွိုင်ကော်မြို့တွင်း၊ ကယားပြည်နယ် အစိုးရရုံးနဲ့ လွှတ်တော်ရုံးရှေ့တွေမှာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူတယောက်ဖြစ်တဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက “ဖမ်းဆီးထောင်ချတာကို ချက်ချင်းရပ်ပေးပါ။ အစိုးရအနေနဲ့ ပြည်သူတွေကို အကာကွယ်ပေးရမယ့် ဝတ္တရားကို ချက်ချင်း တာဝန်ယူပေးပါ။ အခု ကျနော်တို့ ဆန္ဒဖော်ထုတ်တာကို အိမ်ပေါ်မှာ၊ ရုံးခန်းထဲမှာ လေအေးစက်တွေနဲ့ ထိုင်ပြီး နားထောင်နေဖို့၊ သုံးသပ်နေဖို့ မဟုတ်ဘူး” လို့ ပြောပါတယ်။
တရားစွဲခံထားရတဲ့ လူငယ် ၅ ယောက်ကို ဆန္ဒပြပွဲမှာ ပါဝင်သူတွေက တရားရုံးကို ပို့ဆောင်ခဲ့ကြပါတယ်။
လွိုင်ကော်မြို့နယ် တရားရုံးကနေ လွိုင်ကော်ထောင်မှာ ဖမ်းချုပ်ထားဖို့ ဆုံးဖြတ်လိုက်ပြီး ဇန်နဝါရီ ၈ ရက်နေ့မှာ ရုံးချိန်းထပ်ခေါ်ထားပါတယ်။
ဒီဇင်ဘာ ၂၂ ရက်နေ့က ကေအန်ပီပီရဲဘော် သုံးယောက်နဲ့ အရပ်သားတယောက် ဖမ်းဆီးသတ်ဖြတ်ခံရတာကို ရှုတ်ချပြီး အမှုအမြန်ပေါ်ဖို့ တောင်းဆိုဆန္ဒပြတာဟာ ကြိုတင် အသိမပေးတာကြောင့် ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ဦးဆောင်သူ ၅ ယောက်ကို တရားစွဲဆိုထားတာပါ။
ခွန်းတူးတူးလေး