ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ငွေကျပ်သိန်းသောင်းချီ လိမ်လည်မှုဖြစ်ပွား
DVB
·
January 5, 2018
ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဇန်နဝါရီ ၅ ရက်မွန်းလွဲပိုင်းက ငွေကျပ်သိန်း သောင်းနဲ့ချီပြီး လိမ်လည်မှုဖြစ်ပွားတယ်လို့ ဆန်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။
ငွေလိမ်လည်မှု သတင်းတွေကြောင့် ဆန်ကုန်သည်တွေအကြား ရဲစခန်းမှာ အမှုဖွင့်သူတွေနဲ့ ဂိုဒေါင်မှာ ဆန်တွေ ပြန်လာတောင်းသူတွေနဲ့ ရှုပ်ယှက်ခတ်နေတယ်လို့ ဘုရင့်နောင်ဆန်ဒိုင် အတွင်းရေးမှူးက ဆိုပါတယ်။
သွင်းကုန်ပို့ကုန် လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးအောင်ဆွေဦးကို ကုန်စည်ဒိုင်က လိုက်ရှာနေပေမယ့် ဆက်သွယ်လို့ မရသေးဘူး။ လက်တလောမှာ ဦးအောင်ဆွေဦးရဲ့ ASO ကုမ္ပဏီပိုင်ဆိုင်တဲ့ ဆန်တွေကို ဆန်ဒိုင်က ယာယီထိန်းသိမ်းထားပေးဖို့ ရွှေပြည်သာက ကုမ္ပဏီပိုင်ဂိုဒေါင်တွေကို သွားရောက်နေတယ်လို့ ဆန်ဒိုင်အတွင်းရေးမှူးက ဆိုပါတယ်။
ဦးအောင်ဆွေဦး ပိုင်ဆိုင်တဲ့ ASO ပို့ကုန်သွင်းကုန် ကုမ္ပဏီကို ဖုန်းနဲ့ ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပိတ်ထားပါတယ်။
လိမ်လည်သွားတဲ့ ငွေကြေးပမာဏ အသေးစိတ်ကို တွက်ချက်လို့ မရသေးပေမယ့် ကျပ်ငွေသိန်းသောင်းချီနိုင်တယ်လို့ ကုန်စည်ဒိုင်က ခန့်မှန်းထားပါတယ်။ လွန်ခဲ့တဲ့ သုံးလလောက်ကလည်း ဘုရင့်နောင်ဆန်ဒိုင်မှာ ငွေကြေးလိမ်လည်မှုတခု ဖြစ်ပွားခဲ့ပါသေးတယ်။