A d v e r t i s e m e n t With Us

အမှုရင်ဆိုင်ဆဲ ထိုင်းအဆိုတော်နှင့် ဝိုင်းဖွဲ့စားသောက်သည့် ရဲအရာရှိ ၂ ဦး ပြောင်းရွှေ့ခံရ

ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း
ထိုင်းနာမည်ကြီး ရော့ခ်အဆိုတော် Sek Loso ခေါ် နိုင်းဆစ်ခ်ဆန် ဆုခ်မိုင်ဟာ ၂၀၁၈ နှစ်သစ်ကူး မတိုင်ခင်ညက တေးဂီတဖျော်ဖြေပွဲတခုမှာ သေနတ်ကို မိုးပေါ်ထောင် ပစ်ဖောက်ခဲ့တဲ့အတွက် အမှုရင်ဆိုင်နေရပြီး လောလောဆယ် ဘတ်ငွေ ၁ သိန်းခွဲ အာမခံနဲ့ အပြင်ကနေ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေပါတယ်။ ဒီအတောအတွင်း သူက မိတ်ဆွေတွေနဲ့အတူ ဝိုင်းဖွဲ့စားသောက်နေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ တင်ထားရာ အဲဒီထဲမှာ နခွန်းဆီထမရတ်ခရိုင်မှ ရဲအရာရှိနှစ်ဦးရဲ့ပုံ ပါနေတဲ့အတွက် ဒါဟာ မသင့်လျော်ဘူးဆိုပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့က အဲဒီရဲအရာရှိနှစ်ဦးကို ဒီကနေ့ ဇန်နဝါရီ ၅ ရက် နေ့စွဲနဲ့ ပြောင်းမိန့်ချလိုက်ပါတယ်။ အဲဒီရဲအရာရှိနှစ်ဦးမှာ နခွန်းဆီထမရတ်ခရိုင် အထူးစုံစမ်းစစ်ဆေးရေးဌာနမှ ရဲမှူးကြီး ရန်းဆန် ဆုခ်ကေ့နဲ့ နခွန်းဆီထမရတ် မြို့မရဲစခန်း စခန်းမှူး ရဲမှူး ထီရဖွန်း ဖုမ့်ချိုင်းတို့ဖြစ်ကြပြီး သူတို့နှစ်ဦးဟာ တရားခံနဲ့ အတူတကွ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့အတွက် တာဝန်ရှိရဲတွေဟာ ပြည်သူတွေ အထင်မြင်မှားအောင် တရားခံနဲ့ ရင်းနှီးကျွမ်းဝင်မှုကို ပြသတဲ့အမူအယာမျိုး မပြုမူရဆိုတဲ့ ရဲဝန်ထမ်းကျင့်ဝတ်ကို လွန်ဆန်တာကြောင့် အမှုအခင်း မပြီးဆုံးခင်ကာလအထိ လက်ရှိဌာနကနေ ခရိုင်ရုံးချုပ်ကို လွှဲပြောင်းခေါ်ယူထားတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် ကရစ္စနာ ဖတ်ထနား ကျလွန်းက သတင်းထောက်တွေကို ပြောပါတယ်။ သူတို့ ၂ ဦးကို စုံစမ်းစစ်ဆေးဖို့ ကော်မတီတရပ်ဖွဲ့ထားပြီး ပြစ်မှုထင်ရှားရင် ပြည်သူ့ဝန်ထမ်း ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ရဲမှူးချုပ်က ဆက်ပြောပါတယ်။ အဆိုတော် Sek Loso ဟာ ကျောင်းတိုက်အလှူအတွက် ဖျော်ဖြေပွဲပြီးဆုံးခြင်း အထိမ်းအမှတ်အနေနဲ့ သေနတ်ကိုးချက် ကောင်းကင်ပေါ်ဖောက်ပြီး နောက်ဆုံးတချက် မြေကြီးထဲ ဖောက်ခဲ့တာပါ။ သူဟာ ခွင့်ပြုချက်မရဘဲ အများပြည်သူကြားထဲ လက်နက်ယူဆောင်လာမှု၊ အများပြည်သူ ထိတ်လန့်အောင် သေနတ်ပစ်ဖောက်မှုတွေနဲ့ အမှုဖွင့်ခံထားရသလို မူးယစ်ဆေးဝါး သုံးစွဲထားတာလည်း တွေ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up