Home
မြန်မာသတင်း
ဒေါက်တာအေးမောင်ကို နုတ်ထွက်ခွင့်မပြုရန် ရခိုင်အမျိုးသားပါတီ ဆွေးနွေး
DVB
·
January 5, 2018
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ပါတီကနေ နုတ်ထွက်ခွင့်မပြုဖို့ မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေ ပါတီနှစ်ပတ်လည် အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်အမျိုးသားပါတီ (အေအန်ပီ) နှစ်ပတ်လည် အစည်းအဝေးတရပ်ကို ဇန်နဝါရီ ၄ ရက်နေ့က ၇ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပနေကြတာပါ။ ဒီအစည်းအဝေးမှာ ဒေါက်တာအေးမောင်ကို နုတ်ထွက်ခွင့်မပြုဖို့ မြို့နယ် ကိုယ်စားလှယ်တွေက ဆွေးနွေးတင်ပြခဲ့ကြပြီး ဒေါက်တာအေးမောင် ပါတီက နုတ်ထွက်စာ တင်ထားတာနဲ့ပတ်သက်လို့ ရခိုင်ပြည်သူတွေအပေါ် ရိုက်ခတ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ ဒီ ၄ ရက်ကြာ ဆွေးနွေးမှုမှာတော့ ပါတီရှေ့ရေး အခြေအနေတွေကို အလေးထား ဆွေးနွေးသွားမှာဖြစ်ပြီး ရခိုင်နိုင်ငံရေး အခြေအနေတွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသက ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး မြို့နယ်ကိုယ်လှယ်စားတွေရဲ့ သဘောထားတွေကို ဇန်နဝါရီလ ၅ ရက်နေ့မှာ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ ရခိုင်အမျိုးသားပါတီ (အေအန်ပီ) နှစ်ပတ်လည် အစည်းအဝေးကို ဒေါက်တာအေးမောင် တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်လာခြင်း မရှိဘူးလို့ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ရခိုင်အမျိုးသားပါတီ အေအန်ပီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ ပါတီကနေ နုတ်ထွက်ခွင့် တင်ပြထားတာ ဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီအတွင်းမှာတော့ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် ပါတီဝင်တွေ နုတ်ထွက်မှုတွေ ရှိနေသလို ပါတီရဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူတွေကိုလည်း အရေးယူ ထုတ်ပယ်တာတွေ ရှိနေပါတယ်။ ရခိုင်အမျိုးသားပါတီ (အေအန်ပီ) နှစ်ပတ်လည် အစည်းအဝေးကို ပါတီ ဗဟိုအမှုဆောင်ကော်မတီဝင်တွေ၊ ဗဟိုကော်မတီဝင်တွေ၊  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြို့နယ်ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်​နေပါတယ်။ သတင်း - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024