Home
မြန်မာသတင်း
မူးယစ်ဆေးဝါးအန္တရာယ်ကို လူငယ်များ ဝိုင်းဝန်းဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
January 5, 2018
လူငယ်တွေကြား မူးယစ်ဆေးဝါး အန္တရာယ်ကို ဝိုင်းဝန်းထိန်းသိမ်း ဖြေရှင်းပေးကြပါ၊ ဆေးသမားဆိုပြီး ပစ်မထားကြပါနဲ့လို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီ ၅ ရက်က နေပြည်တော်၊ MICC-II ခန်းမမှာ ပြုလုပ်ခဲ့တဲ့ လူငယ်ရေးရာမူဝါဒ စာအုပ် မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “မူးယစ်ဆေးဝါးအန္တရာယ်နဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းသိမ်းသလို ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပေးကြပါ။ ကိုယ်ကိုယ်တိုင်က မူးယစ်ဆေးဝါး သောက်နေရင် လူငယ့်သဘာဝပေါ့၊ ကိုယ် မကောင်းဘူးထင်ရင် သူများတွေပါ မကောင်းအောင် လိုက်လုပ်တတ်တဲ့အကျင့် ရှိတယ်။ အဲဒီအကျင့်လေးတွေလည်း ဖျက်ပါ။ ကိုယ်ကနေ မူးယစ်ဆေးဝါး သောက်နေတယ်၊ စွဲနေတယ်ဆိုရင် ကိုယ့်သူငယ်ချင်းကို မင်းတို့ ငါ့လို မလုပ်နဲ့ဆိုပြီး ပြောရဲတဲ့သတ္တိရှိဖို့ လိုတယ်။ ပြောရဲတဲ့စေတနာ ပြောချင်တဲ့ စေတနာရှိဖို့ လိုတယ်။ ဝိုင်းပြီး ကူညီကြပါ။ အထင်မသေးပါနဲ့။ ဟာ ဒီတယောက်ကတော့ ဆေးသမားပဲ ဆိုပြီးတော့”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲတဲ့ ပြဿနာဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာဆောင်နေတယ်လို့လည်း ထောက်ပြသွားပါတယ်။ တခါ လူငယ်တွေအကြားမှာ စုဖွဲ့ပြီး လှုပ်ရှားတတ်တဲ့ အလေ့အကျင့်ကောင်းတွေ ပြုစုပျိုးထောင်ကြဖို့ စုဖွဲ့ပြီး အားကစားလုပ်တတ်ဖို့  အစိုးရက လုပ်ဆောင်ပေးရမယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ် ၁၅ ဒသမ ၃၅ သန်းကျော်ရှိပြီး တိုင်းပြည်လူဦးရေရဲ့ ၃ ပုံ ၁ ပုံကျော် ရှိပါတယ်။ ဒီလို တိုင်းပြည်ထဲ လူငယ်အင်အားများတာဟာ တိုင်းပြည်အတွက် ကောင်းတဲ့လက္ခဏာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူငယ်ရေးရးရာမူဝါဒစာအုပ်ကို တိုင်းနဲ့ပြည်နယ်အသီးသီးရှိ လူငယ်တွေရဲ့အသံတွေ အကြံပြုချက်တွေရယူ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - အောင်ကိုကိုလတ်(နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024