Home
မြန်မာသတင်း
မိုးညှင်းမြို့နယ်တွင် ကျပ်သိန်း ၁၂၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
January 5, 2018
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ ဇန်နဝါရီ ၄ ရက်၊ မွန်းတည့် ၁၂ နာရီကျော်အချိန်က တန်ဖိုး ကျပ်သိန်း ၁၂၀ လောက် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ မိုးညှင်းမြို့မရဲစခန်း တာဝန်ရှိသူတွေ မိုးညှင်းမြို့နယ်၊ ကာဒူကျေးရွာ သင်္ချိုင်းနား၊ ခါနန်ကျေးရွာကနေ ကာဒူကျေးရွာသွား လမ်းမပေါ်မှာ သတင်းအရ စောင့်ဆိုင်းနေချိန် ဆိုင်ကယ်စီးလာသူ ရွှေညောင်ပင်ရပ်ကွက်၊ မော်ဟန်ကျေးရွာနေ မျိုးချစ်(ခ)မလှနဲ့ မော်ပင့်ရပ်ကွက်၊ မော်ဟန်ကျေးရွာနေ လွမ်းဒေါင် (၂၈-နှစ်)  တို့ကို ဖမ်းဆီးရမိခဲ့တာပါ။ ဆိုင်ကယ်နောက်ထိုင်သူ လွမ်းဒေါင် လွယ်ထားတဲ့ ဘေးအိတ်ထဲက Love Flower စာတန်းပါ ဆပ်ပြာခွက်ထဲမှာ ပလတ်စတစ် အကြည်အိတ်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူ/ဝါရောင်အမှုန့် အလေးချိန် ၁၀ ဂရမ်စီပါ ၁၂ ခွက်၊ အလေးချိန် ၁၂၀ ဂရမ်ခန့်ပါ ဘိန်းဖြူ ၁ ဂရမ် ၇ သောင်းနှုန်းနဲ့ ကာလတန်ဖိုး ၈၄ သိန်းကျပ်၊ အပြာရောင် ကပ်ခွာအိတ်ထဲ ထည့်ထားတဲ့ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားလို့ ယူဆရတဲ့ ပန်းရောင်ဆေးပြား ၁၉၀ စီပါ ၅ ထုပ်၊ စုစုပေါင်း ဆေးပြား ၉၅၀၊ အလေးချိန် ၉၅ ဂရမ်၊ ဆေးပြား တပြားတန်ဖိုး ၃ ထောင်ကျပ်နဲ့ ကာလတန်ဖိုး ၂၈ သိန်း၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၁၂၀ ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ နှစ်ဦးကို မူးယစ်(ပ) အမှတ် ၃/၁၈၊ ပုဒ်မ မူးယစ်စေတတ်သော ဆေးဝါးများနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ- ၁၅/၁၉(က)/၂၁ အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ခင်သန်းညွန့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024