လေယာဉ်တောင်ပံပေါ်မှ တွယ်တက်ပြီး အပြင်ထွက်ရန် ကြိုးစားခဲ့သည့် ခရီးသည် ဖမ်းဆီးခံရ (ရုပ်သံ)

ဓာတ်ပုံ - အေအက်ဖ်ပီ
ပိုလန်နိုင်ငံသား အမျိုးသားတဦးဟာ လေကြောင်းခရီးစဉ်တခုအတွင်း လေယာဉ်ထဲကနေ အပြင်ကိုထွက်ဖို့ အချိန်ကြန့်ကြာနေတဲ့အတွက် လေယာဉ်တောင်ပံပေါ်က တွယ်တက်ပြီး အပြင်ကိုထွက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့က လန်ဒန်မြို့၊ စတန်းစတက်ဒ် လေဆိပ်ကနေ စပိန်တောင်ပိုင်း မာလာဂါမြို့လေဆိပ်ဆီ ထွက်ခွာခဲ့တဲ့ ရိုင်ယန်အဲ လေကြောင်းလိုင်း လေယာဉ်တစင်းပေါ်မှာ ဖြစ်ခဲ့တာပါ။ အဲဒီနေ့က လေယာဉ်ဟာ တနာရီလောက် နောက်ကျခဲ့ကာ ခရီးသည်တွေကိုလည်း လေယာဉ်ပေါ်က ထွက်ခွာခွင့်မပေးနိုင်ခင်မှာ ဆက်လက်စောင့်ဆိုင်းစေခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၅၇ နှစ်အရွယ် ရိုမြူဒ်ဂရေဇက်ဆိုတဲ့ အမျိုးသားမှာ ပန်းနာရင်ကျပ်ရောဂါ ရှိနေပြီး ကြန့်ကြာနေချိန်မှာ မစောင့်ဆိုင်းနိုင်ဘဲ ခုလိုလုပ်ခဲ့တာဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အခုသီတင်းပတ် အစောပိုင်းမှာတော့ လေယာဉ် အရေးပေါ်ထွက်ပေါက်ကနေ တွယ်တက်ပြီး အပြင်ကိုထွက်ဖို့ ကြိုးစားနေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ လေယာဉ်နောက်ကျတာကို သူ ဆက်သည်းမခံနိုင်တော့လို့ ခုလိုလုပ်ခဲ့တာ ဖြစ်ပေမယ့် လေယာဉ်အတောင်ပံပေါ် တွယ်တက်ရင် ဒဏ်ငွေ ပေါင် ၄ သောင်း ဆောင်ရနိုင်တယ်လို့ မာလာဂါလေဆိပ် အကြီးအကဲ မီဂွဲလ်ဆန်းချက်ဇ်က ပြောလိုက်ပါတယ်။ ဒါပေမယ့် သူဟာ ဒဏ်ငွေဆောင်ရမယ်၊ မဆောင်ရဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လေယာဉ်ပေါ်က ခရီးသည်တဦးကတော့ ဂရေဇက်က သူ့မှာ ပန်းနာရင်ကျပ်ရောဂါရှိလို့ လေရှူဖို့လိုကြောင်း သူ့ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ “သူ့မှာ ပန်းနာရင်ကျပ်ရောဂါရှိတယ်လို့ ကျနော့်ကိုပြောတယ်။ ပြီးတော့ သူ ရုတ်တရက် ထပြီး ဒီလိုထွက်လိုက်တာ၊ ကျနော်တော့ သူ့ကို အပြစ်မတင်ဘူး။” ဒါပေမယ့် ရဲတွေရောက်လာချိန်မှာ မစ္စတာဂရေဇက်က တောင်ပံပေါ်မှာ မရှိတော့ဘဲ လေယာဉ်ခုံပေါ် ပြန်ရောက်သွားပြီး ခုံပေါ်မှာ သူ အေးအေးဆေးဆေး ထိုင်နေတာကို ရဲတွေက တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်သူ့ကိုမှ အန္တရာယ်မပြုဘဲ ဘာမှထိခိုက်အောင် မလုပ်လို့ သူ့ကို လေယာဉ်ပေါ်မှာ မဖမ်းဆီးခဲ့ပေမယ့် စပိန်နိုင်ငံရဲ့ အန္တရာယ်ကင်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေအရ သူ့ကို မေးခွန်းတွေ မေးမြန်းဖို့အတွက် မာလာဂါ လေဆိပ်ရဲတွေက ချက်ချင်းဖမ်းဆီးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up