မိုးညှင်းမြို့တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ဆယ်တန်းကျောင်းသား ၂ ဦး သေဆုံး
DVB
·
January 5, 2018
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ မြို့ရှောင်လမ်း ထန်းတပင်ကျေးရွာ၊ တောင်ဇလပ် စားသောက်ဆိုင်နားမှာ ဇန်နဝါရီ ၄ ရက်က ယာဉ်တိုက်မှုကြောင့် ဆယ်တန်းကျောင်းသား နှစ်ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ကိုးတန်းကျောင်းသားတဦး မိုးညှင်းဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ပို့ထားရတယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။
အင်ကြင်းကုန်းကျေးရွာဖက်မှ နန့်ပုတ်ကျေးရွာဘက်ကို မြို့ရှောင်လမ်းအတိုင်း ထွန်းထွန်းလင်း ခေါ် အောင်မိုးဆက် မောင်းနှင်လာတဲ့ FORLAN အမျိုးအစားယာဉ်ဟာ တောင်ဇလပ် စားသောက်ဆိုင်ရှေ့အရောက် တဖက်ယာဉ်ကြောကို ရောက်ရှိကာ မျက်နှာချင်းဆိုင်ကဆိုင်ကယ်ကို ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်စီးလားတဲ့ ဆယ်တန်း ကျောင်းသား ကျော်နိုင်ဝင်းနဲ့ ဇင်မင်းသန့်တို့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ကိုးတန်းကျောင်းသား သန်းတိုးအောင်မှာ ဒဏ်ရာတွေရရှိခဲ့တာကြောင့် မိုးညှင်းဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ပို့ဆောင်ခဲ့ရတာပါ။
“ကလေးတွေက အဆောင်မှာ နေကြတာ။ လွတ်လပ်ရေးနေ့မို့ ထွက်ခွင့်ရတာ။ လိမ္မာရေးခြားရှိတဲ့ ကလေးတွေပါ”လို့ ကလေးမိခင်က ပြောပါတယ်။
လူသေဆုံးတဲ့အထိ ယာဉ်မဆင်မခြင် မောင်းနှင်သူ ဘုံချောင်းကျေးရွာနေ ယာဉ်မောင်း ထွန်းထွန်းလင်းကို တရားလို ရဲအုပ်ရဲဝင်းက မိုးညှင်းရဲစခန်းမှာ အမှုဖွင့်ခဲ့တဲ့အတွက် အမှုစစ် ရဲအုပ်ညွှန့်လှိုင်က ယာဉ်(ပ) ၂/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၈ အပြင်းအထန် ဒဏ်ရာရရှိစေမှု၊ ပုဒ်မ ၃၀၄-က လူကို သေဆုံးစေမှုတို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း - မုန်းမုန်းမင်း