A d v e r t i s e m e n t With Us

ရန်ကုန်တွင် လင်းယုန်စီမံချက်ဖြင့် ခိုးဆိုးလုနှိုက်မှု ၆၀ ခန့် အရေးယူထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ စိုးရိမ်ကြောက်ရွံ့နေရတဲ့  လူဆိုးလူမိုက်တွေနဲ့ ဆိုးသွမ်းရမ်းကားသူတွေကို တိုင်းရဲတပ်ဖွဲ့က  လင်းယုန်စီမံချက်နဲ့ ဖမ်းဆီး အရေးယူနေရာမှာ ဇန်နဝါရီ ၃ ရက်အထိ အမှုပေါင်း ၆၀ လောက် အရေးယူခဲ့ပါတယ်။ စီမံချက် စတင်ခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကစပြီး ၃ ရက်အတွင်း အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်နဲ့ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဒုစရိုက်မှု ကျူးလွန်တတ်သူတွေကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ကျင့်၅၄နဲ့ ၁ မှု၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့်၅၄ နဲ့ ၁ မှု၊ ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေနဲ့ ၁ မှု၊ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(င) နဲ့ ၁ မှု၊ ရဲအက်ဥပဒေနဲ့ ၂ မှု အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။ အလားတူ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်အတွင်း ရဲအက်ဥပဒေနဲ့ ၄ မှု၊ ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေနဲ့ ၃ မှု၊ လောင်းကစားဥပဒေနဲ့ ၁ မှု၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့်၅၄ နဲ့ ၁ မှု၊ တရားခံပြေးနဲ့ ၁ မှု၊ အင်းစိန်မြို့နယ်အတွင်း ရဲအက်ဥပဒေနဲ့ ၁ မှု၊ မော်တော်ယာဉ်အက်ဥပဒေနဲ့ ၃ မှု၊ တရားခံပြေးနဲ့ ၁ မှု၊ မင်္ဂလာဒုံမြို့နယ်အတွင်း ရဲအက်ဥပဒေနဲ့ ၂ မှု၊ ယစ်မျိုးဥပဒေနဲ့ ၁ မှု၊ ရွှေပြည်သာမြို့နယ်အတွင်း ယစ်မျိုးဥပဒေနဲ့ ၁ မှု၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနဲ့ ၁ မှု၊ ရဲအက်ဥပဒေနဲ့ ၂ မှု အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဟာ လင်းယုန်စီမံချက်ကို ၂၀၁၈ ဇန်နဝါရီ ၁ ရက်ကနေ  မတ်လ ၃၁ ရက်အထိ လင်းယုန်အဆင့် (၁)၊ ဧပြီ ၁ ရက်ကနေ ဇွန် ၃၀ ရက်အထိ လင်းယုန်အဆင့် (၂)၊ ဇူလိုင် ၁ ရက်ကနေ  စက်တင်ဘာ ၃၀ ရက်ထိ လင်းယုန်အဆင့် (၃)၊ အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ လင်းယုန်အဆင့် (၄) ဆိုပြီး အဆင့် ၄ ဆင့်နဲ့ တနှစ်လုံး စီမံချက်ချ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ စီမံချက်ကာလအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်သူတွေကို  ဖော်ထုတ်ဖမ်းဆီးခြင်း၊ အုပ်စုဖွဲ့ပြီး အများပြည်သူကို အနိုင်ကျင့် ဗိုလ်ကျသူတွေကို ဖမ်းဆီးအရေးယူခြင်း၊ ရဲပြေး တပ်ပြေး စတဲ့ ပြေး ၄ ပြေးတွေကို ဖမ်းဆီးအရေးယူခြင်း၊ ဒုစရိုက်မှု၊ လောင်းကစားမှုနဲ့ မူးယစ်ဆေးဝါးမှုတွေကို ဖော်ထုတ် ဖမ်းဆီးခြင်းတို့ကိုလည်း ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ Photo : Yangon Police

A d v e r t i s e m e n t With Us

More News
Up