Home
မြန်မာသတင်း
ကေအိုင်အေ အဓိကစခန်း ၄ ခုကို တပ်မတော် သိမ်းပိုက်၊ တပ်ရဟတ်ယာဉ် ၁ စင်း ပစ်ခတ်ခံရ
DVB
·
January 5, 2018
ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေရဲ့ အဓိကစခန်းတွေ အပါအဝင် စခန်းပေါင်း ၂၀ ကျော်ကို တပ်မတော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၇ နိုဝင်ဘာ ၁၃ ရက်ကစပြီး နမ့်ခမ်းမြို့ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာ ဒေသအတွင်းမှာ တပ်မတော်စစ်ကြောင်းတွေက နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ရာမှာ ထိတွေ့မှုတွေ ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ဇန်နဝါရီ ၃ ရက်အထိ ကေအိုင်အေစခန်းငယ် ၁၈ ခုနဲ့ ဇန်နဝါရီ ၄ ရက်မှာ အဓိကစခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ မနေ့မနက်ပိုင်းကစပြီး တပ်မတော်စစ်ကြောင်းတွေက လက်နက်ကြီး ပစ်ကူယူ တိုက်ခိုက်ခဲ့ရာမှာ နံနက် ၁၀ နာရီခွဲမှာ (C4) တောင်ကုန်း၊ ၁၁ နာရီခွဲမှာ (C3) တောင်ကုန်း၊ ညနေ ၄ နာရီခွဲမှာ (C1) တောင်ကုန်းနဲ့ ညနေ ၆ နာရီမှာ  (C2) တောင်ကုန်းတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်စဉ်မှာ ကေအိုင်အေရဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ ကတုတ်ကျင်းတွေ၊ အဆောက်အဦတွေ၊ ဆက်ကြေးကောက်ခံရာမှာ အသုံးပြုတဲ့ ပြေစာ ဖြတ်ပိုင်း လယ်ဂျာစာအုပ်တွေ၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲမှာ နှစ်ဖက် ထိခိုက်သေဆုံးဒဏ်ရာရမှု ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပေမယ့် ကေအိုင်အေဘက်က တချို့ သေဆုံးတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ၂၀၁၇ နိုဝင်ဘာ ၂၇ ရက်ကလည်း မန်ဝိန်းကြီးကျေးရွာအုပ်စု၊ မံဂမ်ကျေးရွာနားမှာ တပ်မတော်ရဲ့ အုပ်ချုပ်ရေးကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ အသုံးပြုတဲ့ ရဟတ်ယာဉ်တစင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဟတ်ယာဉ် အနည်းငယ် ထိခိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024