မန္တလေး-လားရှိုး-မူဆယ်လမ်း ကားပိတ်ခြင်း စည်းကမ်းမဲ့ယာဉ်မောင်းများကြောင့်ဖြစ်
DVB
·
January 5, 2018
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ရတာဟာ ယာဉ်မောင်းသူတွေ စည်းကမ်းမဲ့စွာ ကျော်တက်မောင်းနှင်တာကြောင့်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားပြီး ယာဉ်ကြောပိတ်ဆို့ရတာလို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပြီး အခုတော့ လမ်းကို ဆင်းချိန် တလမ်း၊ တက်ချိန် တလမ်းစနစ်နဲ့ သွားလာမောင်းနှင်နိုင်အောင် လုပ်ထားတယ်လို့လည်း ဆိုပါတယ်။
လမ်းဦးစီးတာဝန်ရှိသူတွေက ယာဉ်လမ်းကြောင်း ရှင်းလင်းရေးအတွက် ဒီဇင်ဘာ ၃၁ ရက်မှာ အဆင်းကား တလှည့်၊ အတက်ကား တလှည့် စေလွှတ်ရာကနေ မိုင် (၈၇/၅) အနီး ယာဉ်တွေ ထိန်းသိမ်းမရဘဲ ခေါင်းချင်းဆိုင်ပြီး ယာဉ်ကြော ၄ တန်းအထိရှိကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီမှာ လုံးဝပိတ်သွားခဲ့ပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ လက်ရှိအချိန် မိုးရွာသွန်းနေပြီး ဂုတ်တွင်းလမ်းပိုင်း လမ်းကြောင်းပိတ်ဆို့မှု မရှိစေရေး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဇန်နဝါရီ ၂ ရက်ကစလို့ အလှည့်ကျ စေလွှတ်နေပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပွားစေဖို့ လမ်းဦးစီးဌာနကနေ LED Board တွေ တပ်ဆင်ထားရှိပြီး သတိပေးတာတွေ ပြုလုပ် ဆောင်ရွက်နေပါတယ်။
လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ရင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ဂုတ်ထိပ်တံတားသစ် တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေပါတယ်လို့ ဝန်ကြီးဌာနသတင်းမှာ ဖော်ပြပါတယ်။
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ကုန်စည်စီးဆင်းမှုကို ထိခိုက်နေပါတယ်။