A d v e r t i s e m e n t With Us

တောင်အာဖရိကတွင် ရထားက လော်ရီကားကို တိုက်မိပြီး မီးလောင်၊ အနည်းဆုံး ၄ ဦးသေဆုံး (ရုပ်သံ)

တောင်အာဖရိကနိုင်ငံမှာ ဒီနေ့မနက်က ခရီးသည်တင်ရထားတစီးက လော်ရီကားကို တိုက်မိပြီး ပေါက်ကွဲမီးလောင်ခဲ့လို့ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒေသစံတော်ချိန် မနက် ၉ နာရီ ၁၅ မိနစ်မှာ ရထားတိုက်မိပြီး ရထားထဲ မီးခိုးတွေနဲ့ပြည့်နေလို့ ခရီးသည်တွေ အသက်ဘေးကလွတ်အောင် ပြတင်းပေါက်တွေကနေ ခုန်ချခဲ့ကြရတာပါ။ ရထားဟာ ပို့အဲလစ်ဇဘတ်ကနေ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ကိုအသွား အခုလို တိုက်မိခဲ့တာဖြစ်ပြီး လူ ရာနဲ့ချီ ဒဏ်ရာရရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ရုပ်သံဖိုင်ထဲမှာ ရထားတွဲတွေထဲက ထွက်လာတဲ့ မီးတောက်တွေကို မီးသတ်သမားတွေက ငြှိမ်းသတ်ဖို့ ကြိုးစားနေပြီး ရထားတိုက်မိတဲ့ဝန်းကျင်က လမ်းတွေနဲ့ ကွင်းပြင်တွေထဲ ထိတ်လန့်နေတဲ့ ခရီးသည်တွေ ထွက်ပြေးနေကြပါတယ်။ ရထားမတိုက်ခင် အချိန်တော်တော်ကြာကတည်းက ရထားက ဟွန်းတီးခဲ့တယ်လို့ ခရီးသည်တဦးက ပြောပါတယ်။ “ကျနော်တို့က ရထားရဲ့ စားသောက်ဆိုင်ထဲမှာ မနက်စာ စားနေတယ်။ ပြီးတော့ ကျနော်တို့ မြောက်တက်သွားပြီး ရထားက ရပ်သွားတယ်။ ရထားမတိုက်ခင် ဟွန်းအကြာကြီးတီးတယ်လို့ လူတွေ ပြောကြတယ်။” အခင်းဖြစ်ရာနေရာမှာ ဆေးတပ်သားတွေရောက်နေပြီး အနည်းဆုံး လူနာ ၁၀၀ လောက်ကို ကုသပေးနေတယ်လို့ တောင်အာဖရိက အရေးပေါ်ဆေးကုသမှု ဝန်ဆောင်လုပ်ငန်းကလည်း ပြောကြောင်း မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up