Home
မြန်မာသတင်း
မောင်တောတွင် တရားမဝင် ဝင်ရောက်သူ ၂ ဦးကို ပစ်ခတ်ဖမ်းဆီး၊ ၁ ဦးသေ
DVB
·
January 4, 2018
မောင်တောမြို့နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ တားမြစ်မှုကို မနာခံဘဲ ထွက်ပြေးတဲ့ လှေကို ပစ်ခတ်ဖမ်းဆီးရာမှာ တဦးကို အသေဖမ်းမိပြီး တဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂ ရက်၊ ည ၁၁ နာရီခန့်က နယ်မြေ ၄ လိပ်ရကျေးရွာမြောက်နဲ့ သဲချောင်း မော်လဝီရွာကြား တံတားနားကို နတ်မြစ်ဘက်ကနေ သဲချောင်းအတိုင်း ဝင်ရောက်လာတဲ့ လှေငယ်တစီးကို မသင်္ကာလို့ တားမြစ်ရာက ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ကင်းပုန်းဝပ်နေတဲ့ ရဲမှူးမင်းစိုးထက်ဦး ဦးစီးအဖွဲ့က ဓာတ်မီးထိုး ဟန့်တားတဲ့အခါ လှေပေါ်ပါ ဘင်္ဂါလီနှစ်ဦးထဲက တဦးက ခုန်ချပြီး ကျန်တဦးက လာရာလမ်းအတိုင်း ပြန်လှော်ပြေးလို့ ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။ တဦးဗိုက်ကို ကျည်ဆန်ထိမှန်သေဆုံးပြီး ကျန်တဦးကိုတော့ တံတားအောက်မှာ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ လိပ်ရနယ်မြေစခန်းမှ ရဲတပ်သားက ပြောပါတယ်။ “ဖမ်းမိတာက တဦး၊ အသေဖမ်းမိပါတယ်။ အသေဖမ်းမိသူကတော့ လိပ်ရတောင်ရွာမှာ နေထိုင်တဲ့ ကာလာဟူဆိန်း (၃၅-နှစ်) ဖြစ်ပြီး အရှင်ဖမ်းရသူကတော့ ကူနာပါရာရွာ၊ တက္ကနပ်ဖမ်မြို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဒူဖိုင် (၂၃-နှစ်) ဖြစ်တယ်လို့ စစ်ဆေးချိန်မှာ ထွက်ဆိုပါတယ်။ သူတို့နဲ့အတူ လှေပေါ်မှာပါလာတဲ့ အရှည် ၃ ပေခန့်ရှိ လှံချွန် ၁ ချောင်းနဲ့ အရိုး ၄ လက်မ၊ အသွား ၇ လက်မခန့်ရှိတဲ့ ဓားရှည် ၁ ချောင်းတို့ကိုပါ ဖမ်းဆီးရမိတာပါ” လို့ သူက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကိုတော့ စစ်ဆေးဆဲဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ တရားစွဲဆိုလိမ့်မယ်လို့ ယူဆကြောင်း ပြောပါတယ်။ သေသူကိုတော့ မောင်တောဆေးရုံကို ပို့လိုက်ပြီလို့ ရဲက ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - မင်းကျော်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024