Home
ဆောင်းပါး
ယုံကြည်မှု လွန်ကဲဖြစ်စဉ်များနှင့် အနာဂတ်မြန်မာပြည်
DVB
·
January 4, 2018
အခုတလော လူမှုစာမျက်နှာထက် ရှမ်းမြောက်ဘက်မှာ သွေးတိုးရောဂါ ပျောက်ကင်းတယ်ဆိုပြီး လူငယ်၊ လူလတ်၊ လူကြီးပိုင်းအထိ နားရွက် နားအကြောဖြတ် သွေးအလိမ်းလိမ်းနဲ့ ဓာတ်ပုံတွေ မြင်တွေ့ရလို့ ကြက်သီးမွေးညင်း ထမိပါတယ်။ အရက်ပြန် အထပ်ထပ်ပွတ်ပြီး ဘလိတ်ဓားနဲ့ အကြောဖြတ်ပေးတာကို သွေးတိုးကျသွားလားလို့ ကျနော့်ဒေသက သွားရောက်သူကို မေးတော့ နည်းနည်းတော့ ပေါ့သွားတယ်လို့ ပြောတယ်။ သူ့ခန္ဓာကိုယ်က ပေါင် ၂၀၀ ကျော် over weight ပါ။ ဒီလူက အစားအသောက်လည်း ရှောင်တာ မဟုတ်ဘူး။ ဒါကို ကျန်းမာရေး မလိုက်စား၊ ဆေးမှန်မှန် မသောက်ဘဲ နားကြောဖြတ် ပျောက်တယ်ဆိုတာနဲ့ ပဲခူးတိုင်းကနေ ရှမ်းပြည်အထိ ဓားနဲ့ နားကြော သွားဖြတ်ခံတယ်တဲ့။ ကဲ… စဉ်းစားသာကြည့်ပေတော့။ ဒီလိုသာ ဖြတ်လို့ ပျောက်ကြေးဆို တိုးတက်တဲ့ ခေတ်ကြီးမှာ လေ့လာစမ်းသပ်ပြီး တကမ္ဘာလုံး လုပ်နေကြပြီပေါ့။ ဒါကြောင့် ကျနော်တို့နိုင်ငံမှာ ဘာမှန်းမသိ သေချာ မလေ့လာဘဲ ယုံကြည်မှု လွန်ကဲဖြစ်စဉ်တွေ များများလာပါတယ်။ နောက်ဆုံး သုံးသပ်ကြည့်ရင် ပညာမတတ်လို့ ပြောရအောင်လည်း သွားရောက်ဖြတ်နေတဲ့ သူတွေမှာ ဘွဲ့ရ ပညာတတ်တွေ ပါတယ်ဗျ။ အဓိက ထစ်ခနဲဆို နန့်ချင်တဲ့ရောဂါ၊ စမ်းကြည့်လိုက်ချင်တဲ့ စိတ်ကြောင့် မြန်မာပြည် လူလိမ်တွေ အတော်ပေါများလာတာပါ။ ဟိုတလောကပဲ ပန်းဦးဆက်ရပါတယ်ဆိုတဲ့ ငနဲ။ အခု ထွက်ပြေးနေရပြီ။ ဘုရားတည်နေတာ ကြည်ညိုလွန်းလို့ဆိုပြီး အထက်ဗမာပြည် လူတွေကစပြီး အဲဒီငနဲလေးဆီ သွားပြီး ကုသိုလ်ယူကြတယ်ဗျာ။ အမျိုးသမီး အပျိုတွေ များတယ်။ (တကယ်ဖြစ်ရပ်ပါ။ အမျိုးသမီးများကို နှိမ့်ချခြင်း မဟုတ်ရပါ)။ ဒီလောက်  မူးယစ်ရမ်းကားနေတဲ့ အကောင်ကို အလံတစ်ရာဆရာတော် ဝင်စားတယ် ဘာညာဆိုပြီး လုပ်စားကြတာကို အဟုတ်ကြီးမှတ် အလိမ်ခံတဲ့သူကလည်း အလိမ်ခံ။ ကန်တော့ပါရဲ့ဗျာ၊ နောက်ဆုံး ကိုယ့်သမီးမယူဘဲ စားသွားမှ ထပြီး အမှုလုပ်ကြတဲ့ခေတ်ကိုး။ အဓိက ရောဂါပျောက်ချင်နေတဲ့သူတွေက အင်္ဂလိပ်ဆေးနဲ့လည်း ကုတယ်။ ဗမာဆေးနဲ့လည်း ကုတယ်။ ဘေးပတ်ဝန်းကျင်က ပြောတဲ့ ပျောက်စေတွေနဲ့လည်း ကုတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက် တောင်ငူအထွက်နားမှာ ပုဂ္ဂိုလ်ထူး ကလေးတယောက် ပေါ်တယ် ကြားလို့ ကျနော်တို့ဒေသက လူတွေ သွားလိုက်ကြတာ။ ဒါနဲ့ ဒီကိစ္စကို တို့မြို့မှာ ဒီလောက် ဝါဒဖြန့် (lobby) လုပ်ပြီး နာမည်ကြီးနေတာ ဘယ်သူလဲ သေချာစုံစမ်းလိုက်တော့  လိုက်ထရပ် အငှားကား ထောင်ထားတဲ့ သူတွေကိုးဗျ။ နေ့စဉ် မနားရဘူးဆိုပဲ။ ညတောင် သွားအိပ်စောင့်ရတဲ့အထိ ဖြစ်ကုန်တယ်။ ဒီတော့ ကားဆရာတွေက တောင်ငူ ရွှေဆံတော်၊ မြတ်စောညီနောင်ဘုရားတွေပါ ဖူးမြော်ရအောင် လိုက်ပို့ပြန်တော့ ဘုရားလည်းဖူး လိပ်ဥလည်းတူး ဖြစ်ကုန်ကြတယ်။ အဓိက ခါးနာနဲ့ အကြောသမားတွေအတွက်ပါ။ အိမ်က ဝါးတုတ်ချောင်း အသေးလေးတွေ၊ ရေသန့်ဘူးတွေ ယူသွားရတယ်။ နာတဲ့နေရာကို တုတ်နဲ့ အရိုက်ခံ၊ ရေမန်း လိမ်းပေးတာတဲ့။ သူတို့ကို ပျောက်သွားလား မေးကြည့်၊ နည်းနည်းတော့ သက်သာလာတယ် ပြောကြပါတယ်။ နောက်ဆုံး အဖြေရှာလိုက်တော့ ကျနော့်အသိ ကားဆရာ Hyundai လိုက်ထရပ် ကားတန်ဖိုးတဝက်လောက်တော့ ကျေသွားပါတယ်လို့ ပြောတယ်။ နယ်တွေမှာက လိုက်ထရပ်ကားက များပြီး လူ ၁၅ ယောက်လောက် ဆန့်တော့ ထစ်ခနဲ ရောက်နေကြပြီလေ။ ဒီလို ဆေးကုတဲ့အချိန်တွေက ဘယ်လိုအချိန်မျိုး ဖြစ်လည်းဆိုတော့ တောင်သူတွေ အားတဲ့အချိန်နဲ့ ကားဆရာတွေ ဘုရားဖူး မထွက်ရတဲ့အချိန်တွေ နယ်ဘက်မှာ အဖြစ်များပါတယ်။ နောက် ရေသန့်ဘူးကို လက်နဲ့ တို့ထိလိုက်ပြီး ပြန်ယူသွား၊ ရောဂါသည်ကို တိုက်၊ လိမ်း ပျောက်ကြတယ်ဆိုလို့ သွားကြပြန်တာပဲ။ သူတော်စင် ယောဂီမလေးတဦး။ လေဖြတ် ဝေဒနာသည်တွေ ပျောက်သွားကြလို့ အများဆုံး သွားကုကြတယ်။ ဒီအထဲ ကျနော့်အဖေလည်း ပါတယ်။ သူ့ညီမ ကျနော့်အဒေါ် အပျိုကြီး လေဖြတ်ထားလို့ အတင်း သွားပြမယ်ဆိုလို့ ကျနော်တို့နားကမြို့ကို တရက်ကြို တုံကင်သွားယူပေးရတယ်။ နံပါတ် နှစ်ထောင်ကျော်တောင် ဖြစ်နေပြီ။ ကျနော် မလိုက်ချင်တာနဲ့ နောက်နေ့ အဖေရယ်၊ အဒေါ်ရယ်ကို ကူမဖို့ တပည့်တချို့ရယ် ထည့်ပေးလိုက်တယ်။ ကြိတ်ကြိတ်တိုး စည်ကားနေလို့ ဈေးဆိုင်တွေတောင် လာဖွင့်နေကြတယ်တဲ့။ အခုတော့ အဒေါ်လည်း လေဖြတ်ရောဂါနဲ့ပဲ ဆုံးသွားပါပြီ။ အဲဒီ ပျောက်စေ သူတော်စင်မလေး ဆေးလာကုပေးတဲ့ နေရာက သံဃာတော်တွေကို စာပေသင်ကြားနေတဲ့ စာသင်တိုက်။ ကဲ စဉ်းစားသာ ကြည့်ကြပေတော့။ ဘယ်သူလွန်တာလဲ။ ကျနော့်အထင်တော့ ဆေးလာကုသပေးသူ မလွန်ဘူး။ လက်ခံသူနဲ့ လာကုသသူတွေ အယုံလွန်နေကြတာပါ။ ကျနော်တို့နားက ရေသန့်စက်ပိုင်ရှင်ကတော့ ဝမ်းလီတာ ခြောက်လုံးကတ် ဒီရက် တအားရောင်းရတယ်တဲ့။ လူနာတွေများလို့ ကျောင်းထိုင်ဆရာတော် မေတ္တာရပ်ခံချက်နဲ့ နှစ်ရက် ထပ်တိုးတယ်ဆိုပဲ။ အယုံလွယ်ကြတာ ဘုရားသားတော်တွေပါ ပါနေတော့ ကျနော်တို့က မပြောသာတော့ပါဘူး။ ဒါနဲ့ ဘုရားသားတော်ဆိုလို့ ထပ်ပြောရဦးမယ်။ သင်္ကန်းဝတ်နဲ့ လူလိမ်တွေ အကြောင်း။ ပရိယတ္တိ ပဋိပတ္တိ လေ့လာသင်ယူ သာသနာပြုနေကြတဲ့ ကိုရင်ကလေးတွေက အစ ဆရာတော်ကြီးများအဆုံး ကျနော်တို့ ဘာလုပ်ပေးရ လုပ်ပေးရ အကုန်ဝတ်ဖြည့်ပေးပါတယ်။ ခက်တာက သင်္ကန်းဝတ် လုပ်စားနေကြသူတွေကြောင့် ဗုဒ္ဓဘာသာ အစွန်းထေးဖြစ်မှာ စိုးရိမ်ရတယ်။ ကျနော့်နယ်နားမှာက ပျောက်စေ၊ ဖြစ်စေတွေ တအားထွက်တယ်။ ညောင်လေးပင်နားက စမ်းကလေးဆိုတာ ကြားဖူးမှာပေါ့။ လွန်ခဲ့တဲ့ ၁၇ နှစ်ကျော်လောက်က။ ရဟန္တာ ရောင်ခြည်တော် ထွက်တယ်ဆိုလို့ သွားဖူးကြ၊ လှူလိုက်ကြတာ။ ကျနော့်ဘကြီးက သူ့ကားနဲ့ သွားဖူးမယ်ဆိုလို့ လိုက်သွားလိုက်တယ်။ ဟိုရောက်တော့ စမ်းကလေးရွာ ကားတွေနဲ့ အတော်စည်ကားနေကြပါတယ်။ ခဏနေတော့ ဆရာတော်က တရားနာတယ်။ တရားထဲမှာ ဘာထည့်ပြောလဲဆိုတော့ သူ့ဆီက ကိုယ်ရောင်တော် လွှတ်မယ်၊ သေချာကြည့်ထားကြပါ။ သူတော်ကောင်း အတော်များများမှ တွေ့နိုင်မယ် ဆိုတော့ ကျနော် တရားမနာဘူး။ အဲဒီကိုယ်တော်ကိုပဲ ထိုင်ကြည့်နေတာ။ လူကတော့ အတော်နုတယ်ဗျ။ အသားအရေက ဖြူ၊ ခပ်ဖြောင့်ဖြောင့် ဥပဓိရုပ် ကောင်းကောင်းနဲ့။ တရားနာပြီးတဲ့အထိ ဘာမှမတွေ့ဘူး။ မကြာပါဘူးဗျာ၊ ကျနော်တို့မြို့က တောရကြီးဆရာတော်ဘုရားတို့ ဦးဆောင်ပြီး သံဃာ့နာယကကို တိုင်ကြားလိုက်ရတယ်။ ဆရာတော်ကြီးများက ခုံရုံးစစ် ကြားနာပြီး အဓမ္မဝါဒီအဖြစ် ဆုံးဖြတ်ကာ ရဟန်းသိက္ခာချပြီး ကိုရင်ကြီးဘဝနဲ့ နိဂုံးချုပ်သွားရပါတယ်။ အရှုံးထဲက အမြတ်ကတော့ စမ်းကလေးရွာ လျှပ်စစ်မီး ရသွားတာပါပဲ။ နောက် ပဲခူးရိုးမအခြေက ရွာတရွာမှာ အပ်ချည်နဲ့ ဘုရားထီးတော်တင်တယ်တဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကဆိုတော့ ကားက မပေါသေးဘူး။ လှည်းတွေ ဖုန်တထူထူနဲ့။ မောင်တက်ကြွ ကျနော်လည်း ပါသွားတယ်။ ဟိုရောက်တော့ နိုင်ငံကျော် အဆိုတော်ကြီးတွေပါ တကယ် လာဖျော်ဖြေတာဗျာ။ စည်ကားသိုက်မြိုက်လို့။ ဘုရားထီးတော် တင်တော့မယ်ဆိုတော့ ကျနော် အနီးကပ်သွားကြည့်တယ်။ ဒီလောက် သံတွေနဲ့ ပြုလုပ်ထားတဲ့ ထီးတော်တွေကို အမှန်တကယ် အပ်ချည်နဲ့တင်တာဗျာ။ ဘယ်လိုတင်လဲဆိုတော့ အပ်ချည်ကို အထပ်ထပ်ရစ် သယ်မယ့် ပစ္စည်းကိုနိုင်တဲ့ ကြိုးလုံးလောက်ဖြစ်မှ ချည်ပြီး တင်တာကိုးဗျ။ ခိုင်တာမှ လူပါ တက်စီးလို့ ရသေးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ယာဉ်တိုက်မှုနဲ့ အင်းစိန်ထောင် ရောက်သွားတဲ့ ကျနော့်သူငယ်ချင်းတယောက် သူ ပြန်ထွက်လာတော့ ပြောပြလို့ သတင်းတခု သိလိုက်ရတယ်။ တို့မြို့နားက အပ်ချည်မျှင်ဆရာတော်က အထဲမှာ ၃ ဆောင် ခန်း ၁ လူကြီးဟ။ အခါကြီး ရက်ကြီးတွေ ဘာသာရေးပွဲ ဦးဆောင်၊ ဗေဒင် တွက်ပေးနေတယ်တဲ့။  ကဲ ကြားလို့မှ ကောင်းကြသေးရဲ့လား။ အဲဒီလို အယုံလွယ်၊ အထင်လွဲမြန်တာတွေက ဒီနေ့ခေတ်မှာ ပျောက်သွားပြီလား၊ မပျောက်သေးပါဘူး။ ဒါတွေကို ဌာနဆိုင်ရာအလိုက် ကျန်းမာရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနနှင့် လိမ်လည်မှုတွေ ပါလာတော့  ပြည်ထဲရေးဝန်ကြီးဌာနကပါ အရေးယူမှုအား နည်းပါးနေပါသေးတယ်။ ဒီလိုကိစ္စမျိုးတွေကို အဓိက နယ်ဘက်နဲ့ ပြည်နယ်ဘက်တွေမှာ အများဆုံး တွေ့ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ လေ့လာဆန်းစစ်မှု အားနည်းတယ်။ အယုံလွယ်တတ်ကြတယ်။ ဒီနေ့ ဆိုရှယ်မီဒီယာ လူမှုစာမျက်နှာမှာလည်း ဒီလိုပါပဲ။  ဒီ page ကို like လုပ်ပါ။ share ပါ ဖုန်းဘေ ဘယ်လောက်ရမယ်ဆိုရင်။ သေချာမလေ့လာဘဲ လုပ်ကြပြီ။ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ ကျေနပ်မှုမရှိလို့ အွန်လိုင်းပေါ် ပေါက်ကရတင် လွှတ်လိုက်ပြီဆိုလည်း ဆဲကြ ဆိုကြနဲ့ ပျော်စရာကြီးကို ဖြစ်လို့။ နောက်ကျ မဟုတ်ဘူးဆိုတော့ ငြိမ်သွားကြပြန်တာပဲ။ ဒါကြောင့် မြန်မာပြည်မှာ အများဆုံး သုံးနေကြတဲ့ Facebook မှာ တခုခု တင်လိုက်တိုင်း အရင်ဆုံး လေ့လာဆန်းစစ်ဖို့ ပညာရှင်တချို့က စစ်တမ်းထုတ်ပြန်ထားပါတယ်။ Facebook သုံးသူ တဝက်ကျော်လောက်က ခေါင်းစဉ်နဲ့ ပုံပဲကြည့်ပြီး ဆုံးဖြတ်ကြတယ်။ သတင်းအပြည့်အစုံ မဖတ်ကြဘူး။ မသမာသူတို့ရဲ့ လက်ယားမှုတွေက ယနေ့ တခုခု ပြဿနာတက်ရင် ယခင်က ပုံအဟောင်း၊ စာအဟောင်းတွေနဲ့ ပွဲဆူအောင် လုပ်တတ်ကြတယ်။ တကယ်လို့ ဒီသတင်းက share မှ နိုင်ငံအတွက်၊ ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင်လည်း မူလသတင်းအရင်းမြစ်ကို လေ့လာပါ။ မီဒီယာနဲ့ ကျွမ်းကျင်မှု အားကောင်းသူကို မေးမြန်းပြီးမှ လုပ်ဆောင်တာ အကောင်းဆုံးပါ။ အသုံးချတတ်ရင်တော့ အင်မတန်အကျိုးရှိတဲ့ ဆိုရှယ် မီဒီယာတခုပါ။ ဒီလထဲမှာပဲ ပြည်က အသိတယောက် သူ့စူပါဖို့စ်ဆိုင်ကယ်ကို သူ့အိမ်ကနေ မနက်အစောကြီး သူခိုးက ထုတ်ယူမောင်းသွားလို့ ပြည်ကနေ ထွက်လို့ရတဲ့ လမ်းတွေရဲ့ မြို့၊ ရွာတွေက facebook သူငယ်ချင်းများကို ဆိုင်ကယ်ပုံ၊ အမျိုးအစား၊ အင်ဂျင်အမှတ်ပါ tag တွဲပြီး share အကူအညီတောင်းလိုက်တာ မနက်  ၃ နာရီက ခိုးသွားတဲ့ ဆိုင်ကယ် ပေါင်းတည်မှာ မနက် ၁၀ နာရီအတွင်း မိသွားပါတယ်။ ဆိုင်ကယ်တန်ဖိုး သိန်း ၃၀ နီးပါး ပစ္စည်းတခုကို ဆိုရှယ်မီဒီယာ အသုံးချကောင်းတော့ ပြန်ရပါတယ်။ အချုပ်အားဖြင့် ပြောရရင် လူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့နေရပါသော်လည်း အလိမ်ခံရမှန်းမသိ အလိမ်ခံရနေရသူတွေက တခါ၊ နှစ်ခါ မှားရင် လိမ်သူ အမှား။ သုံးခါကျော်သွားရင်တော့ လိမ်သူအမှား မဟုတ်တော့ပါဘူး။ မိမိ ကာယကံရှင်သာ အမှားဖြစ်ပါတယ်။ လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ဘဝအဆက်ဆက် ဖြတ်သန်း ပါရမီ ဖြည့်ကျင့်ခဲ့ရတဲ့ သဗ္ဗညုတ မြတ်စွာဘုရားရှင်တောင် သူ့တရားတော်တွေကို “ဧဟိ ပသိကော"၊ လာလှည့်ပါ လက်တွေ့ ရှုလှည့်ပါလို့ မိန့်ကြားခဲ့တယ်။ သူများပြောတိုင်း မယုံပါနဲ့ပေါ့ဗျာ။ မိရိုးဖလာ ကိုးကွယ်ယုံကြည်သူတယောက် မလုပ်ဘဲ ဘာသာတခုကို သေချာလေ့လာ ဆန်းစစ်ပြီးမှ ဝင်ပါလို့ မိန့်ကြားခဲ့တာ မဟုတ်ပေဘူးလား။ မြန်မာနိုင်ငံသူ နိုင်ငံသားများ ယုံကြည်မှု လွန်ကဲခြင်းမှ ကင်းဝေးစေပြီး အမွေဆိုးတွေကို အနာဂတ် သားသမီးကောင်းရတနာများသို့ လက်ဆင့်ကမ်းမပေးခဲ့ကြဖို့ ယုံကြည်စွာ တိုက်တွန်းလိုက်ရပါတယ်။ ဗိုလ်သူရိန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024