Home
မြန်မာသတင်း
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျောက်တိုင်ကို ကျောင်းသားများသမဂ္ဂ ချီတက်အလေးပြု
DVB
·
January 4, 2018
ဇန်နဝါရီလ ၄ ရက်မှာ ကျရောက်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလေးမြို့ လွတ်လပ်ရေးပန်းခြံမှာရှိတဲ့ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်ကို ကလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျောင်းသူ ကျောင်းသား ၂၀၀ လောက် ချီတက် အလေးပြုခဲ့ ကြပါတယ်။ ခုလို ချီတက် အလေးပြုရတာနဲ့ ပတ်သက်ပြီး တကသ အတွင်းရေးမှူး ဟိန်းသန့်ဝင်းက “လွတ်လပ်ရေးနေ့မှာ ကျနော်တို့ ကျောင်းသူ ကျောင်းသားတွေဟာ သာမန်အဆောင်မှာ ပိတ်ရက် တရက်လို နေမယ်ဆိုရင် အချည်းနှီးဖြစ်မယ်။ နောက်မျိုးဆက်တွေ ကျနော်တို့ကို မေးလာရင် ကျနော်တို့ လွတ်လပ်ရေးနေ့မှာ ချီတက် အလေးပြုခဲ့တယ်။ ကိုယ့်ပြည် လွတ်လပ်ရေးနေ့ကို မြတ်မြတ်နိုးနိုး ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲရမယ်ဆိုတဲ့အရာကို မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းချင်တာလည်း ဖြစ်တယ်။ ကျောင်းသားမျိုးဆက်တွေက လွတ်လပ်ရေးနေ့ကို ပိုပြီး တန်ဖိုးထားတတ်လာမှာပေါ့။ ကျနော်တို့ လူငယ်တွေက လွတ်လပ်ရေးကို တန်ဖိုးမထားဘူးဆိုရင် ဘယ်သူတွေကို တန်ဖိုးထားတော့မှာလဲ။” ကလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေနဲ့ ပထမဆုံးအကြိမ် ချီတက် အလေးပြုခဲ့ကြတာ ဖြစ်ပြီး ပြီးခဲ့တဲ့ အာဇာနည်နေ့ကလည်း ကလေးမြို့ အာဇာနည်ကျောက်တိုင်ကို ကလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ၂၀၀ လောက် တက်ရောက် အလေးပြုမှု ပြုလုပ်ခဲ့ပါတယ်။ ကလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကိုလှမျိုးထက်က “မြန်မာလွတ်လပ်ရေးနေ့ကို အားလုံး ပါဝင်စေချင်တယ်။ နောက်ပြီး အားလုံးလည်း တန်ဖိုးထားစေချင်တဲ့ စိတ်နဲ့ ကျနော်တို့ ချီတက်အလေးပြုတာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။ ကလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ၂၀၁၇ ခုနှစ် ဇူလိုင် ၂၄ ရက်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကျောင်းသားရေးရာနဲ့ တက္ကသိုလ်တွင်း ကိစ္စရပ်တွေကိုပါ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024