မုံရွာတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သံဃာအပါး ၅၀၀ ကျော်ကို အရုဏ်ဆွမ်းလောင်းလှူ
နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သံဃာအပါး ၅၀၀ ကျော် အရုဏ်ဆွမ်းလောင်းလှူပွဲကို ဇန်နဝါရီ ၄ ရက်နေ့ မနက်အစောပိုင်းက မုံရွာမြို့မှာ ကျင်းပခဲ့ပါတယ်။
မုံရွာမြို့၊ ကျောက်ကာလမ်း၊ အုတ်ကန်တောရစာသင်တိုက် ဆရာတော်ကြီး အမှူးပြုတဲ့ သံဃာအပါး ၅၀၀ ကျော်က အုတ်ကန်တောရကနေ စတင်ကာ ဗိုလ်တထောင်လမ်းထိပ်ထိ အရုဏ်ဆွမ်းခံ ကြွခဲ့ကြပါတယ်။
စေတနာရှင်၊ အလှူရှင်တွေကလည်း မိမိတို့တတ်စွမ်းသမျှ ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လောင်းလှူခဲ့ကြပါတယ်။
ဒီအရုဏ်ဆွမ်းလောင်းလှူပွဲက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် ကျင်းပလာခဲ့တာ အကြိမ် ၂၀ ကျော်ပြီလို့လည်း သိရပါတယ်။
သံဃာအရေအတွက်ကတော့ တနှစ်နဲ့တနှစ် မတူညီဘဲ ကွာခြားချက်တွေရှိပြီး တခါတလေ ၇၀၀ ကျော်၊ တခါတလေ ၄၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။