အစ္စရေးတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ၁၇ နှစ်အရွယ် ပါလက်စတိုင်းလူငယ် သေဆုံး

ဓာတ်ပုံ - ရိုက်တာ
1.7K
အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ၁၇ နှစ်အရွယ် ပါလက်စတိုင်း လူငယ်တဦး သေဆုံးခဲ့ရပါတယ်။
အဲဒီ ပါလက်စတိုင်းလူငယ်ဟာ ဇန်နဝါရီ ၃ ရက်နေ့က ဖြစ်ခဲ့တဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ ပါလက်စတိုင်းတွေရဲ့ ပဋိပက္ခအတွင်း သေဆုံးခဲ့တာပါ။
သေဆုံးသူလူငယ်လေးရဲ့ ဖခင်ဖြစ်သူက “အစ္စရေးစစ်သားတွေနဲ့ ပဋိပက္ခဖြစ်တယ်။ စစ်သားတွေက စိတ်ကျန်းမာရေးမကောင်းတဲ့ ကောင်လေးကို ဖမ်းသွားတယ်။ ကျေန်ာက လွှတ်ပေးဖို့ပြောတော့ အရာရှိလုပ်သူက လူသတ်ချင်တယ်လို့ ပြောတယ်။ သူတို့တွေ တခုခုလုပ်မယ်ဆိုတာ သိတာနဲ့ နောက်ပြန်ဆုတ်ပြီး ကောင်လေးတွေကို လူစုခွဲဖို့ ပြောလိုက်တယ်။ ကောင်လေးတွေနား ရောက်ခါနီးပဲ စစ်သားတွေပစ်လိုက်တာ ကျနော့်သားလည်ပင်းကို ထိသွားတယ်။ သားနဲ့ ကျနော်က ၅ မီတာ ၆ မီတာလောက်ပဲ ကွာတယ်။ သားဟာ အာဇာနည်တဦးပါ” လို့ ပြောပါတယ်။
အစ္စရေးစစ်ဘက်ကတော့ အဲဒီ ပါလက်စတိုင်းလူငယ်ဟာ လက်နက်ကိုင်ဆောင်ထားတယ်လို့ ပြောကြားခဲ့ပြီး အဲဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၆ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျေရုဆလင်မြို့ကို အစ္စရေးမြို့တော်အဖြစ် ကြေညာခဲ့ပြီးနောက်ပိုင်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။