မြန်မာနိုင်ငံတွင် ၁ နှစ်အတွင်း အောင်မြင်မှုများ ရရှိခဲ့၍ ဝမ်းမြောက်ဟု တရုတ်သမ္မတပြော
DVB
·
January 4, 2018
ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း မြန်မာနိုင်ငံမှာ နယ်ပယ်အသီးသီးမှာ အရေးပါတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် ဝမ်းမြောက်တဲ့အကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။
နှစ် (၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာသမ္မတ ဦးထင်ကျော်ထံ ပေးပို့တဲ့ သဝဏ်လွှာမှာ ခုလို ပြောကြားလိုက်တာပါ။
“လွန်ခဲ့သော တနှစ်အတွင်းတွင် အဆွေတော်နှင့် မြန်မာအစိုးရ၏ ဦးဆောင်မှုအောက်၌ အဆွေတော်တို့၏ နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် တွန်းအားပေးခြင်း၊ ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ခြင်း အစရှိသည့် နယ်ပယ်များတွင် အရေးပါသော အောင်မြင်မှုများ ရရှိခဲ့ပါသဖြင့် တရုတ်ဘက်မှ နှစ်နှစ်ကာကာ ဝမ်းမြောက်ဝမ်းသာဖြစ်မိခဲ့သည်”လို့ ပြောပါတယ်။
လက်ရှိကာလမှာ တရုတ်-မြန်မာ ဆက်ဆံရေးဟာ ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေတယ်၊ မနှစ်က တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ပေးတာနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ သဘောတူညီမှု အသစ်တွေ ရရှိခဲ့ကြတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် တရုတ်-မြန်မာ ဆက်ဆံရေးကို အင်မတန်မှ အလေးထားပြီး နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ပိုမိုကြီးကျယ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူလူထုအကျိုး ပိုမိုပြုလုပ်ကြဖို့ ဆန္ဒရှိတယ်လို့လည်း တရုတ်နိုင်ငံ အကြီးအကဲက ပြောပါတယ်။
ဓာတ်ပုံ- ရိုက်တာ