Home
မြန်မာသတင်း
သာယာဝတီတွင် မုက္ခာရေတံခွန် ဆင်စခန်းသစ် ထပ်မံဖွင့်လှစ်
မင်းညို
·
January 4, 2018
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်မှာ     မုက္ခာရေတံခွန် ဆင်စခန်းသစ်တခု ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ သစ်လုပ်ငန်းက အနားပေးထားတဲ့ ဆင်တွေနဲ့ ရေတံခွန် အပန်းဖြေစခန်းတခုဖြစ်ပြီး သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကနေ ပဲခူးရိုးမဘက်ကို အထွက် ၅ မိုင်ခွဲလောက်မှာ ဖွင့်လှစ်ထားတာပါ။ ပဲခူးရိုးမမှာ သစ်ထုတ်ခွင့် ၁၀ နှစ် ပိတ်ထားလိုက်တာကြောင့် လျော့နည်းသွားတဲ့ နိုင်ငံတော်ဘဏ္ဍာကို ပြန်ရှာတာ ဖြစ်သလို ဆင်တွေကို အနားပေးထားချိန်မှာ ဆင်တွေနဲ့ နိုင်ငံဘဏ္ဍာ ပြန်ရှာတာဖြစ်တယ်လို့ ပဲခူးတိုင်း ဒုတိယအထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးက ပြောပါတယ်။ အခုလို ဆင်စီးစခန်းတွေ ဖွင့်လှစ်ပေးရတာက ဆင်တွေနဲ့ လူတွေ ပိုမိုရင်းနှီးလာပြီး တောဆင်တွေ အသတ်ခံနေရတာကို ကာကွယ်ဖို့ အထောက်အကူပြုနိုင်လာတယ်လို့လည်း ပြောပါတယ်။ ဆင်စခန်းကို အလည်ရောက်လာတဲ့ မင်းလှမြို့က မမူမူအေးက “အခုနေရာက ရေတံခွန်လေးတခုနဲ့ ချောင်းလေးကရှိပြီး ဘေးမှာလည်း သဘာဝအတိုင်း စိမ်းစိမ်းစိုစို သစ်တောတွေက ရှိတော့ ကလေးတွေလည်း အရမ်းပျော်ကြပါတယ်။ နောက်ပြီး ဒီဒေသမှာလည်း အခုလို အပန်းဖြေစရာ နေရာက မရှိဘူးလေ။ ဒါကြောင့် အပန်းဖြေဖို့ အကောင်းဆုံး နေရာတခုပါ”လို့ ပြောပါတယ်။ အခုဆင်စခန်းမှာ ဆင် ၁၄ ကောင် ထားရှိပြီး ဆင်စီးခတွေက လူတယောက်ကို ကျပ် ၂၀၀၀ နဲ့ ဝင်ကြေးက ၅၀၀ ကျပ်၊ နိုင်ငံခြားသားတွေအတွက်က ဝင်ကြေး ၂၀၀၀ ကျပ်၊ ဆင်စီးခ ၂၀၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ပဲခူးတိုင်းအတွင်းမှာ ဖိုးကြားဆင်စခန်း၊ ဝင်္ကဘော်ဆင်စခန်း၊ မှော်ရိုးကြီးဆင်စခန်း၊ ပြည် နတ်မှော်ဆင်စခန်းတို့ကို အပျော်ဆင်စီးစခန်းတွေအဖြစ် ပြီးခဲ့တဲ့နှစ်က ဖွင့်လှစ်ထားရှိခဲ့ပြီး အခု ဒီနေ့ ဇန်နဝါရီ ၄ ရက်မှာ  မုက္ခာရေတံခွန်ဆင်စခန်းကို ဖွင့်လှစ်ခဲ့တာပါ။ နောက်ထပ် ပြည်မြို့အထွက် ဘရမ်းနစ်သစ်တောထဲမှာလည်း နောက်ထပ်စခန်းတခု ဖွင့်ဖို့ ရှိတယ်လို့လည်း ဆင်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024