A d v e r t i s e m e n t With Us

ပုသိမ်မြို့ ရှုခင်းသာရင်ပြင်တွင် အရေးပေါ်ကယ်ဆယ်ရေးစင်တာဖွင့်လှစ်

ငဝန်မြစ်အတွင်း အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် Emergency Opration Center ကို ပုသိမ်မြို့ ရှုခင်းသာရင်ပြင်အနီးမှာ ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ မနက်က ဖွင့်လှစ်လိုက်ပါတယ်။ ၂၀၁၇ မတ်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငဝန်မြစ်အတွင်း လူအယောက် ၃၀ သေဆုံးခဲ့တဲ့ ငွေကြယ်ပွင့်စက်လှေ တိမ်းမှောက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ထိခိုက်သေဆုံးမှုတွေ နည်းစေဖို့အတွက် အခုလို အရေးပေါ်စီမံခန့်ခွဲနိုင်တဲ့ စင်တာဖွင့်လှစ်ရတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် မန်းဂျော်နီက ပြောပါတယ်။ ငွေကြယ်ပွင့်စက်လှေ တိမ်းမှောက်မှုမှာ ကယ်ဆယ်ရေး စီမံခန့်ခွဲမှုတွေ ခက်ခဲပြီး ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ဖို့ ခက်ခဲတာတွေ ကြုံရတဲ့အခါမှာ နောက်ပိုင်း အရေးပေါ်ကိစ္စတွေ ဆောင်ရွက်ရင် လွယ်ကူပြီး နှောင့်နှေးကြန့်ကြာမှုတွေ မရှိဘဲ ဆောင်ရွက်နိုင်ဖို့ စင်တာတခုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။ စင်တာမှာတော့ အရေးပေါ်ကယ်ဆယ်ရေး Speed Boat အမြန်ရေယာဉ်နှစ်စင်း အသင့်ထားရှိထားပြီး အရေးပေါ် အစည်းအဝေးခန်းမ တခုနဲ့ ဆက်သွယ်ရေးကိရိယာတွေ ပါရှိမယ်၊ စီမံခန့်ခွဲရေး ကိစ္စတွေကိုတော့ ကော်မတီဖွဲ့ပြီး လှုပ်ရှားဆောင်ရွက်သွားမယ်လို့ ဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။ ဒါ့အပြင် ငဝန်မြစ်အတွင်း ဖြစ်ပွားတဲ့ အရေးပေါ်ကိစ္စတွေသာမကဘဲ ပုသိမ်မြို့မှာ ဖြစ်ပေါ်တဲ့ အရေးပေါ်ကိစ္စတွေ သဘာဝဘေးအန္တရာယ် ကိစ္စတွေကိုလည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up