ရခိုင်တွင် ဆုံးရှုံးသွားသည့် သေနတ် ၄လက် ပြန်လည် တွေ့ရှိ
DVB
·
January 4, 2018
ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ဆုံးရှုံးခဲ့တဲ့ လက်နက်တွေအနက် သေနတ် ၄ လက် ပြန်ရရှိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဇန်န၀ါရီ ၃ရက်က ရခိုင်ပြည်နယ်၊ တောင်ပြိုဝဲမြို့နယ်၊ သင်္ဘောလှကျေးရွာအနီးမှာ သေနတ် ၄ လက် ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
တောင်ပြိုဝဲမြို့နယ်၊ မဲဒီကျေးရွာနဲ့ သင်္ဘောလှချောင်းအကြား တောင်ကုန်းအနီးမှာ အထုပ် ၁ ထုပ် တွေ့ရှိတယ်လို့ ဒေသခံတွေက သတင်းပေးလို့ လုံခြုံရေးတပ်ဖွဲ့က သွားရောက်ရှာဖွေခဲ့ရာကနေ ဘီအေ ၉၄ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ မောင်းတုံး မပါတဲ့ အမ်အေ-၁၁ သေနတ် ၂ လက်တို့ကို ရှာတွေ့ခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
စစ်ဆေးတွေ့ရှိချက်အရ ဘီအေ-၉၄ သေနတ် ၁ လက်ဟာ ၂၀၁၇ သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေက မီးတိုက်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်တုန်းက လုယူသွားခဲ့တဲ့ လက်နက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အမ်အေ-၁၁ သေနတ် ၂ လက်ကတော့ ၂၀၁၆ အောက်တိုဘာ ၉ ရက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ ဆုံးရှုံးသွားခဲ့တဲ့ လက်နက်တွေဖြစ်ပြီး၊ အမ်အေ-၁၁ သေနတ် ၁ လက်ကိုတော့ တိုက်ဆိုင်စစ်ဆေးဆဲပဲလို့ တပ်မတော် သတင်းမှာ ဖော်ပြထားပါတယ်။
Photo : Cincds