Home
မြန်မာသတင်း
လူ့အခွင့်အရေးနှင့် တိုင်းရင်းသား တန်းတူအခွင့်အရေးရရေး ပူးပေါင်းလုပ်ဆောင်ရန် သမ္မတ တိုက်တွန်း
DVB
·
January 4, 2018
လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး တိုင်းရင်းသား အားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိဖို့အတွက် တိုင်းရင်းသားပြည်သူတရပ်လုံးက ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြဖို့ သမ္မတ ဦးထင်ကျော်က တိုက်တွန်းပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ နှစ် ၇ဝ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပေးပို့တဲ့ သဝဏ်လွှာမှာ နိုင်ငံတော်သမ္မတက ခုလိုတိုက်တွန်း နှိုးဆော်ထားတာပါ။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အဓိကအကျဆုံးအချက်ဟာ တိုင်းရင်းသားအားလုံးရဲ့ သွေးစည်းညီညွတ်မှု စွမ်းပကားဖြစ်တယ်၊ ရရှိပြီး လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးဟာလည်း တိုင်းရင်းသားအားလုံးရဲ့ သွေးစည်းညီညွတ်မှုနဲ့သာ ဆောင်ကြဉ်းနိုင်မယ်၊ ပြည်ထောင်စုကြီးအတွင်း ဥမကွဲ သိုက်မပျက် ရာသက်ပန် ပူးပေါင်းနေထိုင်သွားနိုင်ဖို့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိဖို့နဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး တိုင်းရင်းသား အားလုံး တန်းတူညီမျှ အခွင့်အရေးရရှိဖို့ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ တိုင်းရင်းသားအားလုံး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှ အခွင့်အရေး ရှိခြင်းနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်းဆိုတဲ့ မူတွေအပေါ် အခြေခံတဲ့ ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးကို မျှော်မှန်းချက်ထားရှိ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ နိုင်ငံတော်နဲ့ လျော်ကန်သင့်မြတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်လာစေရေးကို  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့၊ ဒီမိုကရေစီ အခြေခံအုတ်မြစ်တွေ ပိုမိုခိုင်မာလာစေရေး ကြိုးပမ်းဆောင်ရွက်ဖို့၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဖော်ဆောင်နေသလို တိုင်းရင်းသား ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ပိုမိုမြင့်မားလာစေရေးကိုလည်း ဦးတည် ဆောင်ရွက်နေတယ်လို့လည်း သမ္မတက ပြောပါတယ်။ မြန်မာနိုင်ငံဟာ ရှေးပဝေသဏီကတည်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်၊ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ အားလုံးဟာ တိုင်းပြည်နဲ့ လူမျိုးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ စိတ်ဓာတ်၊ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ သူတပါးကိုလည်း မကျူးကျော်၊ မိမိကိုလည်း ထိပါးမခံတဲ့ မှန်ကန်သည့် ဗီဇအခြေခံရင့်သန်သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံကို ဗြိတိသျှ နယ်ချဲ့တွေက ကျူးကျော်စစ် ၃ ကြိမ် ဆင်နွှဲသိမ်းပိုက်ခဲ့လို့ ၁၈၈၅ ခုနှစ်မှာ မြန်မာတနိုင်ငံလုံး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရပြီး တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ အသက်သွေးချွေး မြောက်မြားစွာ စတေးပြီး ကြိုးပမ်းမှုခဲ့တဲ့ ရလဒ်အဖြစ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ  လွတ်လပ်ရေးရရှိခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024