ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆေးခြောက်ရောင်းချခြင်းကို တရားဝင်ခွင့်ပြု

ဓာတ်ပုံ - Robyn Beck/AFP/Getty Images
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ အပန်းဖြေဖို့အတွက် ဆေးခြောက်ရောင်းချခြင်းကို ဇန်နဝါရီ ၂ ရက်နေ့ကစပြီး တရားဝင်ခွင့်ပြုခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ဟာ အသက် ၂၁ နှစ်နဲ့အထက် ရှိသူတွေကို ဆေးခြောက်ထွက်ကုန်မျိုးစုံ ရောင်းချခွင့်ပြုတဲ့ ဆဋ္ဌမမြောက်ပြည်နယ် ဖြစ်လာပါတယ်။ ကော်လိုရာဒို၊ ဝါရှင်တန်၊ အော်ရီဂွန်၊ အလက်စကာနဲ့ နီဗားဒါးပြည်နယ်တွေဟာ အပန်းဖြေဖို့အတွက် ဆေးခြောက်ရောင်းချခြင်းကို ပထမဆုံး ခွင့်ပြုခဲ့တဲ့ ပြည်နယ်တွေဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားဒေသခံတဦးက “ဒါဟာ သမိုင်းဝင် အခိုက်အတန့်ပါပဲ။ ကျေန်ာတို့ တနာရီခွဲ တန်းစီခဲ့ရတယ်။ ဒီလိုဝယ်ပြီးသုံးစွဲနိုင်တာ ကောင်းပါတယ်။ အဆင်ပြေပါတယ်” လို့ ပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် တခုတည်းက ဆေးခြောက်ဈေးကွက်ဟာ ကမ္ဘာ့ဆဋ္ဌမမြောက် အကြီးဆုံးဈေးကွက်ဖြစ်ပြီး တနှစ်ကို အခွန်ဘဏ္ဍာငွေ အနည်းဆုံး ၁ ဘီလီယံခန့် ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။ နောက်ဒေသခံတဦးကလည်း “ပထမဆုံးအကြိမ် ဆေးခြောက်ဝယ်ခွင့်ရတဲ့အတွက် ပျော်ပါတယ်။ ဒါဟာ လူ့အခွင့်အရေးအောင်ပွဲပါ။ ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ ပျော်စရာလည်းကောင်းပါတယ်” လို့ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up