ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ မင်္ဂလာပွဲမှ ပေါင်သန်း ၅၀၀ ခန့် ဝင်ငွေရရှိနိုင်ဟု ခန့်မှန်း

ဓာတ်ပုံ - Getty/PA
အခုနှစ်အတွင်းကျင်းပမယ့် ဗြိတိန်တော်ဝန်မင်းသား ဟယ်ရီရဲ့ မင်္ဂလာပွဲကနေ ဗြိတိန်အတွက် အနည်းဆုံး စတာလင်ပေါင် သန်း ၅၀၀ ခန့် ဝင်ငွေရရှိနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ခန့်မှန်းထားပါတယ်။ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ သူ့ချစ်သူ မီဂန်တို့ဟာ လန်ဒန်မြို့တော်ရဲ့ အနောက်ဘက် ဘတ်ရှိုင်းယားမြို့မှာရှိတဲ့ ဝင်ဆာရဲတိုက်ကြီးမှာ လာမယ့် မေလ ၁၉ ရက်နေ့မှာ မင်္ဂလာအခမ်းအနား ကျင်းပမှာဖြစ်ပါတယ်။ “ခရီးသွားကဏ္ဍကနေ စတာလင်ပေါင် သန်း ၂၀၀၊ နောက်ပြီး လူတွေ သုံးကြစွဲကြ၊ ပါတီပွဲတွေ လုပ်တာကနေ ပေါင် သန်း ၁၅၀၊ ဗြိတိန်ကနေ ကမ္ဘာတလွှားမှာ ကြော်ငြာတဲ့ကိစ္စအတွက် ပေါင် သန်း ၁၀၀ လောက်နဲ့ ကျန်ပေါင် သန်း ၅၀ လောက်ကတော့ တီရှပ်တွေ၊ ဦးထုပ်တွေ၊ မတ်ခွက်တွေ ရောင်းချရာကနေ ရရှိမယ်လို့ ခန့်မှန်းထားတယ်" လို့ ဗြိတိန် Brand Valuation Consultancy ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဒေးဗစ် ဟိုက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလက အခုမင်္ဂလာဆောင်မယ့် မင်းသားဟယ်ရီရဲ့အစ်ကို မင်းသား ဝီလီယံ မင်္ဂလာဆောင်စဉ်တုန်းကလည်း ခရီးသွား ၃ သိန်းခွဲခန့် ပိုမိုလာရောက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up