၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၆ သန်းခန့် အခွန်ကောက်ခံရရှိ
DVB
·
January 3, 2018
လက်ရှိဘဏ္ဍာနှစ်အတွက် အခွန်ဦးစီးဌာနက ကျပ်သန်းပေါင်း ၆ သန်းလောက် ကောက်ခံရရှိ ထားတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံနေတဲ့ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊တံဆိပ်ခေါင်းခွန်နဲ့ အောင်ဘာလေသိန်းဆုခွန် စတာတွေကနေ ရရှိထားတာပါ။
တယ်လီဖုန်း ဘီလ်ကနေ ဖြတ်တောက်ရရှိတဲ့ ကုန်သွယ်လုပ်ငန်းခွန်ကတော့ တလကို ကျပ်သန်း ၇ ထောင်ဝန်းကျင် ရနေတာကြောင့် တနှစ်ကို ကျပ်သန်းပေါင်း ၉ သောင်းလောက်ရှိပါတယ်။
အခွန်ကောက်တဲ့ပုံစံကို နှုန်းနည်းနည်းနဲ့ ကောက်ခံတဲ့ အဝိုင်းအဝန်းပိုကျယ်လာအောင် မဟာဗျူဟာချမှတ်ပြီး ၂၀၁၂ ခုနှစ်က စတင်ပြောင်းလဲလာခဲ့တယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာထားပါတယ်။
ဒီပုံစံအရ နှုန်းတွေကို နှစ်စဉ် တဖြည်းဖြည်း လျှော့လာတာမှာ လက်ရှိမှာတော့ ကုမ္ပဏီဝင်ငွေခွန်က အများဆုံး ၂၅ ရာခိုင်နှုန်းအထိ၊ တဦးချင်းဝင်ငွေခွန်က အများဆုံး ၂၅ ရာခိုင်နှုန်းအထိနဲ့ ကုန်သွယ်လုပ်ငန်းခွန်က ၅ ရာခိုင်နှုန်းအထိပဲ ရှိနေပြီလို့ ဖော်ပြထားပါတယ်။
ပြီးတော့ သွယ်ဝိုက်ခွန်တွေမှာလည်း အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက အနည်းဆုံး ဖြစ်တယ်လို့ လည်း ဆိုပါတယ်။