A d v e r t i s e m e n t With Us

ကျောက်​မဲတွင်​ စစ်​​ဘေး​ရှောင်​ ၂၀၀​ ကျော်​ ထပ်​မံရောက်ရှိ

ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ​နမ့်ဆန်​မြို့နယ်​ အာ​ပြောင်​၊ ​ကျောက်​ဖြူ​လေး၊ ကြက်​​သေနဲ့ ဟင်းခါးကျေးရွာက​ စစ်​​ဘေး​ရှောင်​ ၂၀၀​ ကျော်လောက်​ ​ကျောက်​မဲမြို့ပေါ်က ဝါဆို​ကျောင်း၊ သံတိသုခဓမ္မာရုံ၊ ​အောင်​မင်္ဂလာ စတဲ့ ဘုန်းကြီးကျောင်းတွေက ဒုက္ခသည်စခန်းကို ဇန်နဝါရီ ၁ ရက်နေ့ နဲ့ ၂ ရက်နေ့တွေမှာ ထပ်မံရောက်ရှိလာပါတယ်။ နမ့်ဆန်​မြို့နယ်​ ​ကျောက်​ဖြူ​လေး​ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၇ ရက်​​နဲ့ ၂၉ ရက်​​နေ့တွေက တပ်​မ​တော်​နဲ့ တီအန်အယ်လ်အေတို့ တိုက်​ပွဲ​ကြောင့် ​ကျောက်​မဲမြို့​ပေါ်နဲ့ မိုင်း​ငေါ့မြို့​ပေါ်တွေကို စစ်​​ရှောင်​ဒုက္ခသည် ၅၀၀​ ကျော်​ ထွက်​​ပြေးလာခဲ့ပြီး​နောက်​ လက်​နက်​ကြီး ထပ်​မံကျ​ရောက်​မှာ စိုးရိမ်​တဲ့အတွက်​ ထွက်ပြေးလာခဲ့ရတယ်လို့ စစ်ဘေးရှောင်ဒုက္ခသည်တွေက ပြောပါတယ်။ ထွက်​​ပြေးလာတဲ့ ကြက်​​သေရွာသား မိုင်းစိုး​အောင်​က "ကျနော်​တို့ မ​နေ့ကမှ ဒီကို ​ရောက်​လာကြတာ။ ခုတိုက်​ပွဲ​တော့ မဖြစ်​​တော့ဘူး။ ဒါပေမယ့် သတင်းကြား​နေရတယ်​။ ပ​လောင်​စစ်​သား​ရော၊ ဗမာ​ရော၊ ရှမ်း​ရော လာကြမယ်​လို့ ကြားတယ်​။ ပြီး​တော့ တိုက်​ပွဲဖြစ်​တုန်းကလည်း ရွာနဲ့နီးတယ်​။ လက်​နက်​ကြီး​တွေလည်း ရွာနားကျတယ်​။ ​လေယာဉ်​​တွေလည်း လာကြတယ်​။ အဲလိုထပ်​ဖြစ်​မှာ ​ကြောက်​လို့ ထွက်​​ပြေးလာကြတာပါ။ ကျနော်တို့ရွာသားက အ​ယောက်​ ၁၅၀ ​ကျော်​တယ်​။ ၃ ပုံ ၂ ပုံက က​လေး​​တွေ ဖြစ်​တယ်​”လို့  ​ပြောပါတယ်​။ က​လေးငယ်​​တွေလည်း ထွက်​​ပြေးလာခဲ့ကပြီး စာသင်​​ကျောင်း​တွေကိုလည်း ပိတ်​ထားခဲ့ရတယ်​လို့ စစ်​​ရှောင်​​ဒုက္ခသည်တွေက​ ပြောပါတယ်​။ ဒါ့အပြင်​ ရွာမှာလည် မ​ပြေးနိုင်​ မသွားနိုင်​​သေးတဲ့ သက်​ကြီးရွယ်​အိုတွေနဲ့  စိတ်​မနှံ့သူ ၁၀ ဦး ကျန်​ရှိ​နေ​သေး​တယ်လို့ သိရပါတယ်​။ စစ်​​ရှောင်​ စာရင်းကိုင်​သူ မစုမြတ်​​ဆွေက "စစ်​​ရှောင်​​တွေက ပိုပိုတိုးလာတယ်​။ စခန်း​တွေကလည်း လုံ​လောက်​မှု မရှိ​တော့ဘူး။ ဒီ​နေ့လည်း ထပ်​​ပြေးလာတဲ့လူ​တွေ ရှိတယ်​။ သွားကြို​နေတုန်း။ ​နေရာက​တော့ ၃ ​နေရာရှိပြီ။ သူတို့အတွက်​က​တော့ ​စောင်​​တွေ လိုတယ်​။ အဓိကက​တော့ အစားအ​သောက်​​တွေ။ အလှူရှင်​​တွေရှိရင်​ အဆင်​​ပြေနိုင်​မယ်​။ အခု ဟိုဘက်​စခန်းက​နေ ပြန်​မျှသုံး​နေရတယ်​။ ​ရေရှည်​အတွက်​ကျ အဆင်​မ​ပြေ​သေးဘူး” လို့​ ပြောပါတယ်​။ ပြီးခဲ့တဲ့ ဒီဇင်​ဘာ ၂၈ ရက်​​နေ့မှ စတင်​ပြီး ၂၀၁၈ ခု ဇန်​နဝါရီ ၃ ရက်​​နေ့အထိ ကျောက်မဲမှာ စစ်​​ရှောင်​ဦး​ရေ အ​ယောက်​ ၈၀၀ ​ကျော်ရှိပြီ ဖြစ်​ပါတယ်​။ သတင်း - မိုင်းနိုင်​နိုင်

A d v e r t i s e m e n t With Us

More News
Up