အချိန်အခါ မဟုတ် မိုးရွာသွန်းသဖြင့် မန်းရွှေစက်တော် ပွဲကြိုဈေးသည်များ အခက်ကြုံ

မကွေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ ၃၁ ရက်နေ့က စတင်ပြီး အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့လို့ မင်းဘူး၊ စကုမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ပွဲကြိုဈေးဆိုင်ခန်းတွေ နေရာ ရွှေ့ပြောင်းခဲ့ကြရတယ်လို့ သိရပါတယ်။
ရွှေစက်တော်ဘုရား ဂေါပက ဥက္ကဋ္ဌ ဦးသိန်းလွင်က “တနေ့က မနက်က မိုးတနေကုန်ရွာပြီး မန်းချောင်းရေစီး တော်တော်ကြမ်းတယ်။ ငဖဲချောင်းတို့၊ ပန်းဒိန်းချောင်းတို့က ရေတွေ တိုးလာရင် အန္တရာယ်များလို့ ဈေးသည်တွေ မဖြစ်သင့်တာ မဖြစ်ရအောင် မင်းဘူးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ဂေါပက အဖွဲ့ဝင်တွေ ပူးပေါင်းဆော်သြပြီး ကမ်းစပ်က ဈေးသည်တွေကို ကုန်းမြင့်ရာမှာ နေရာချထားပေးတယ်”လို့ ဆိုပါတယ်။
မန်းရွှေစက်တော် ဈေးသည်တဦးဖြစ်တဲ့ ကိုမျိုးက “မိုးဆက်တိုက်ရွာနေတော့ မန်းချောင်းရေ အနည်းငယ် မြင့်တက်လာတဲ့အတွက် ဈေးသည်တွေ စိုးရိမ်ပြီး ကုန်းမြင့်ရာကို ယာယီရွှေ့ပြောင်းကြရတယ်။ သောင်ပြင်မှာ မနေရဲဘူး။ ရေက ပြောလို့မရဘူး။ ပြောင်းရွှေ့ထားတော့ အန္တရာယ်ကင်းတာပေါ့"လို့ ဒီဗွီဘီကို ပြောပါတယ်။
မကွေးတိုင်းဒေသကြီးရှိ မန်းရွှေစက်တော် ဘုရားပွဲဟာ နှစ်စဉ် ၃ လတိုင်တိုင် ကျင်းပတဲ့ ရက်အရှည်ကြာဆုံး ဘုရားပွဲတခု ဖြစ်ကာ မြန်မာပြည်အနှံ့က ဘုရားဖူးတွေနဲ့ အထူးစည်ကားသိုက်မြိုက်တဲ့ ပွဲတော်တခုလည်း ဖြစ်ပါတယ်။
သတင်း - မင်းထီး