Home
မြန်မာသတင်း
YBS စနစ်ကို ဇန်နဝါရီလတွင်း အများပိုင်ပြောင်းလဲရန် မဖြစ်နိုင်
စိုးမိုးအောင်
·
January 3, 2018
ရန်ကုန်မှာပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားစနစ်ကို ဇန်နဝါရီလအတွင်း အများပိုင် ပြောင်းလဲဖို့ မဖြစ်နိုင်ဘူးလို့ အမြင့်မြတ်ဆုံးအင်အားအများနှင့်သက်ဆိုင်တဲ့ ကုမ္ပဏီရဲ့ ဥပဒေအကြံပေးက ပြောပါတယ်။ YBS စနစ်ကို ယာဉ်ပိုင်ရှင်စနစ်ကနေ အများပိုင်စနစ်အဖြစ် ပြောင်းလဲမှသာ ပိုပြီး အောင်မြင်မှာ ဖြစ်တာကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးထားပြီး အများပိုင်စနစ် ဖွဲ့စည်းဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကနေ ကုမ္ပဏီတွေကို ညွှန်ကြားထားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ ယာဉ်လိုင်းပေါင်း ၉၀ ကျော်က ယာဉ်တွေကို တန်ဖိုးဖြတ် သတ်မှတ်တာတွေ မလုပ်နိုင်သေးတာကြောင့် အချိန်တိုအတွင်း အများပိုင် ပြောင်းဖို့ မလွယ်ဘူးလို့ YBS ကုမ္ပဏီတခုရဲ့ ဥပဒေအကြံပေးက ပြောပါတယ်။ “အများပိုင်စနစ်နဲ့သွားဖို့ လုပ်တယ်ဆိုတာက ကားအရည်အသွေးကို စစ်ဆေးပြီးတော့ ရာဖြတ်တန်ဖိုး ဖြတ်ရမှာလေ။ အဲဒီလို ရာဖြတ်တန်ဖိုးဖြတ်ပြီး အများပိုင်စနစ်ကို ထူထောင်လို့ရမှာ ဆိုပေမယ့်လို့ လက်ရှိမှာ ကားရဲ့ တန်ဖိုးဖြတ်တဲ့ကိစ္စတောင် သူတို့ မလုပ်နိုင်သေးဘူး။ လိုင်းအားလုံးပေါ့။ ၂၀၁၈ ဇန်နဝါရီလထဲမှာ မဖြစ်လောက်ဘူး”လို့ အမြင့်မြတ်ဆုံးအင်အား အများနှင့်သက်ဆိုင်သောကုမ္ပဏီ ဥပဒေအကြံပေးက ဆိုပါတယ်။ YBS စနစ်ကို အခုနှစ် ဇန်နဝါရီလ နောက်ဆုံးထားပြီး အများပိုင်စနစ် ပြောင်းလဲရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်နေဆဲဖြစ်ပြီး တနှစ်ပြည့်တဲ့အခါ သတင်းစာရှင်းလင်းပွဲ လုပ်သွားမယ်လို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဒီဗွီဘီကိုပြောထားပါတယ်။ YBS စနစ်ကို စတင်ပြောင်းလဲဖို့အတွက် ရန်ကုန်တိုင်းအစိုးရအနေနဲ့ ၂၀၁၆ ခုနှစ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲ ၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ အရင် မ.ထ.သ ကို ဖျက်သိမ်းပြီး YBS စနစ်ကို စတင်ပြောင်းလဲလိုက်တာပါ။ လက်ရှိမှာ ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်းပေါင်း ၉၀ ကျော်ရှိပြီး ယာဉ်အစီးရေ ၄ ထောင်လောက်နဲ့ ပြေးဆွဲနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024