Home
မြန်မာသတင်း
မိုးညှင်းတွင် ၁၂ ဘီးယာဉ်မှ ဆိုင်ကယ်အား ဝင်တိုက်သဖြင့် ဆိုင်ကယ်မောင်းသူ သေဆုံး
DVB
·
January 3, 2018
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဆယ်မိုက်ရွာသစ်ကျေးရွာမှာ မနေ့ မနက်ပိုင်းက ၁၂ ဘီးယာဉ်တစီးက ဆိုင်ကယ်ကို တိုက်မိပြီး ယာဉ်မောင်းသူ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ မိုးညှင်းရဲစခန်းမှ သိရပါတယ်။ ဇန်နဝါရီ ၂ ရက်နေ့ မနက် ၈ နာရီ ၂၀ မိနစ်လောက်က မိုးညှင်းဘက်မှ မော်ဟန်ကျေးရွာဘက်ကို ယာဉ်မောင်း (အမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ) မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်ဟာ နန့်ရင်းချောင်းတံတား အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောကို ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ အင်းတော်မြို့ ပေကုန်းကျေးရွာနေ ထွန်းထွန်းဦး (၃၅-နှစ်) မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိတဲ့အတွက် ထွန်းထွန်းဦးကို မိုးညှင်းဆေးရုံကြီးသို့ တင်ပို့ပြီး ဆေးကုသမှု ခံယူနေချိန် ညနေပိုင်းမှာ သေဆုံးသွားခဲ့တာပါ။ ယာဉ်ထိန်းတပ်ကြပ်ကြီး ဦးမျိုးလွင်က “ဆိုင်ကယ်က လမ်းမှန်တယ်။ ကားက တဖက်ယာဉ်ကြောထဲ ရောက်ပြီး ဝင်တိုက်တာပါ။ ဆိုင်ကယ်သမားကို ဆေးရုံပို့တော့ ပုဒ်မက ၃၃၇/၃၃၈ အပြင်းအထန် ဒဏ်ရာရစေမှုနဲ့ ကျနော်တို့ ယာဉ်ထိန်းရဲက အမှုဖွင့်တယ်။ ဆေးရုံရောက်ပြီး လူနာက ညနေပိုင်းလောက်မှာ သေဆုံးသွားတော့ ပုဒ်မပြောင်းပြီး တရားစွဲရတယ်။ ၃၀၄-က/၂၀၂ လူကို သေဆုံးအောင် ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ ယာဉ်မောင်း ထွက်ပြေးမှုပါ” လို့ ပြောပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ယာဉ်မောင်းကို တရားလို ယာဉ်ထိန်း ရဲအုပ်ရဲဝင်းက မိုးညှင်းမြို့မရဲစခန်းမှာ ယာဉ်(ပ)၁/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၂၀၂ အပြင်းအထန် နာကျင်ဒဏ်ရာရစေမှုမှ လူသေစေမှု ထွက်ပြေးတိမ်းရှောင်မှု ၃၀၄-က/၂၀၂ သို့  ပြောင်းလဲစစ်ဆေး ဆောင်ရွက်နေကြောင်း သိရပါတယ်။ သတင်း - မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024