Homeမြန်မာသတင်း
မြစ်ကြီးနားတွင် လောင်းကစားဒိုင်ဖွင့်သူ တရုတ်နိုင်ငံသား ၁ ဦး အပါအဝင် ၁၃ ဦးကို ဖမ်းဆီး
မြစ်ကြီးနားတွင် လောင်းကစားဒိုင်ဖွင့်သူ တရုတ်နိုင်ငံသား ၁ ဦး အပါအဝင် ၁၃ ဦးကို ဖမ်းဆီး
DVB
·
January 3, 2018
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ တရားမဝင် ငါးမန်းဂိမ်းလောင်းကစားဒိုင် ဖွင့်ထားတဲ့ တရုတ်နိုင်ငံသား ၁ဦး အပါအဝင် ဆိုင်အလုပ်သမား အမျိုးသမီး ၂ ဦး၊ လာရောက်ကစားတဲ့ အမျိုးသား ၁၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဇန်နဝါရီ ၂ ရက်မွန်းလွဲ ၂ နာရီအချိန်က မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်၊ နယ်မြေ (၆)၊ အိမ်အမှတ် (၁၄၈)မှာ တရားမဝင် ငါးမန်းဂိမ်း လောင်းကစားလုပ်နေတဲ့ သတင်းအရ လောင်းကစား နေအိမ် ရှာဖွေခွင့်ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာလို့ ကချင်ပြည်နယ် မှုခင်းအကူဌာနမှ ရဲအုပ်ထွန်းလှိုင်က ပြောပါတယ်။
“ နေအိမ် အောက်ထပ်မှာ လောင်းကစား လုပ်နေချိန် တွေ့ရှိရပြီး တရားမဝင် ငါးမန်းဂိမ်း လောင်းကစားမှာ အသုံးပြုတဲ့ နဂါးရုပ်တွေပါ တရုတ်အက္ခရာတွေ ရေးထိုးထားတဲ့ ကွန်ပျူတာ ငါးမန်းဂိမ်းစက် ၄ လုံး၊ ဆိုင်ကယ်မျိုးစုံ ၁၄ စီး၊ ငါးမန်းဂိမ်းကစားရာမှာ အသုံးပြုတဲ့ ငွေဖြည့်ကတ် ၂ ခု၊ လောင်းကြေးငွေ ၆၅၃၅၀၀ ကျပ်နဲ့အတူ တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်”
တရားမဝင် ငါးမန်းဂိမ်း လောင်းကစားဒိုင် ပြုလုပ်သူ တရုတ်နိုင်ငံသား Mr.Zhang Wen Win၊ ငါးမန်းဂိမ်းအလုပ်သမား မအိစန္ဒာစိုး၊ မစန္ဒာထွန်း (ခ) မစန္ဒာ၊ ငါးမန်းဂိမ်း လာရောက်ကစားတဲ့ ဦးမောင်မောင်နိုင်၊ ဦးတင်စိုး၊ ဦးမျိုးမြင့်၊ မောင်နိုင်၊ ရဲအောင်ထွန်း၊ ရဲဇော်၊ ကျော်စွာ၊ အောင်အောင်၊ ထူးအောင်ကျော်၊ ဗိုလ်သိန်း၊ ဦးအုန်းသန်းတို့ကို မြစ်ကြီးနား နယ်မြေရဲစခန်းက လောင်းကစားပုဒ်မ ၁၃(က)/၁၄(က) အရ အရေးယူထားပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)