ဂျပန်တွင် နှစ်သစ်ကူးပွဲတော်အတွင်း ရိုးရာမိုချီဆန်ကိတ်စားပြီး လူ ၂ ဦး သေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
ဂျပန်နိုင်ငံမှာ နှစ်စဉ်ပြုလုပ်နေကျ နှစ်သစ်ကူးပွဲတော်မှာ ရိုးရာ မိုချီဆန်ကိတ်စားလို့ နင်ပြီး လူတော်တော်များများ အရေးပေါ် အခြေအနေဖြစ်ကာ ၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဆန်ကိတ်တွေကြည့်ရတာ အန္တရာယ်မရှိဘူးလို့ ထင်ရပေမယ့် စားရခက်ခဲတဲ့ ဒီသရေစာမုန့်နဲ့ပတ်သက်ပြီး နှစ်တိုင်း ဂျပန်အာဏာပိုင်တွေက သတိပေးနေရပါတယ်။ မိုချီလို့ခေါ်တဲ့ ဆန်ကိတ်ကို ဆန်ကြမ်း၊ ဆန်ချောတွေနဲ့ လုပ်ထားပြီး ဆန်ကို ဦးဆုံး ပေါင်းပြီးနောက် ပေါင်းထားတဲ့ဆန်ကို ထောင်းချေရပါတယ်။ ဒီနောက် စေးကပ်လာတဲ့ ဆန်မုန့်တွေကို မိုချီကိတ်ပုံစံ အဝိုင်းလေးတွေလုပ်ပြီး ဖုတ်ကြ၊ ဒါမှမဟုတ် ပြုတ်ကြပါတယ်။ ဂျပန်နိုင်ငံရဲ့ မိသားစုရိုးရာကျင်းပတဲ့ နှစ်သစ်မှာ အသီးအရွက် စွပ်ပြုတ်ချက်ပြီး မိုချီနဲ့ စားကြတဲ့အလေ့အထ ရှိပါတယ်။ မိုချီမုန့်ဝိုင်းက မာပြီး စေးကပ်တဲ့အတွက် ဝါးရခက်ပါတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် မိုချီကို ကောင်းကောင်းဝါးနိုင်ဖို့ မလွယ်ပါဘူး။ အကယ်၍ မိုချီဆန်ကိတ်ကို မဝါးဘဲ မျိုချရင် စေးကပ်တဲ့မိုချီက လည်ပင်းမှာနင်ပြီး အသက်ရှူ ကျပ်တတ်ပါတယ်။ ဂျပန်သတင်းဌာနတွေရဲ့ အဆိုအရ နှစ်သစ်ကူးစားပွဲတွေမှာ မိုချီဆန်ကိတ်စားပြီး နင်ရာက အသက်ရှူကျပ်လို့ ဆေးရုံကို အရေးပေါ်တင်ရတာဟာ အသက် ၆၅ နှစ် ဒါမှမဟုတ် ၆၅ အထက်တွေလို့ သိရပါတယ်။ မိုချီဆန်ကိတ်ကို အန္တရာယ်ကင်းကင်း စားဖို့ဆိုရင်တော့ ကြာကြာဝါးဖို့ အကြံပြုထားပြီး မဝါးနိုင်ရင် ဆန်ကိတ်ကို အပိုင်းသေးသေးလေးတွေ ပိုင်းဖို့ အကြံပြုထားပါတယ်။ အာဏာပိုင်တွေက နှစ်သစ်ကူးပွဲတော်မှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ မိုချီစားရင် အပိုင်းသေးသေးလေးတွေ ပိုင်းစားသင့်ကြောင်း သတိပေးစာ ထုတ်ပြန်သတိပေးပေမယ့် နှစ်တိုင်း ဒီမုန့်စားတာနဲ့ပတ်သက်ပြီး လူတွေ သေဆုံးတယ်လို့ သိရပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ မိုချီစားလို့ ၉ ဦးအထိ သေဆုံးခဲ့ပြီး ၂၀၁၆ မှာ ၁ ဦးနဲ့ အခု ၂၀၁၇ ခုနှစ်မှာတော့ ၂ ဦး သေဆုံးခဲ့တာပါ။ နှစ်စဉ်နှစ်တိုင်းလည်း ဂျပန်နိုင်ငံတဝှမ်းမှာ မိုချီစားလို့ လူတော်တော်များများ အရေးပေါ် အခြေအနေနဲ့ ဆေးရုံရောက်ကြတယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up