Home
မြန်မာသတင်း
ရခိုင်ဒုက္ခသည်စခန်းများ ပိတ်သိမ်းရန် အစိုးရနှင့် စခန်းနေသူများ သဘောတူ
DVB
·
January 3, 2018
  ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းပြီး သင့်တော်တဲ့ နေရာတွေမှာ ပြန်လည်နေရာချထားဖို့ အစိုးရနဲ့ ဒုက္ခသည်စခန်းနေသူတွေ ညှိနှိုင်းဆွေးနွေး သဘောတူခဲ့ကြ ပါတယ်။ စစ်တွေမှာ ဇန်န၀ါရီ ၁ရက်က လုပ်ခဲ့တဲ့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအနက် IDP စခန်းကိစ္စရပ်တွေနဲ့  လွတ်လပ်စွာသွားလာခွင့်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အစည်းအဝေးမှာ သဘောတူခဲ့ကြတာလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးတွေ  ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေနဲ့ IDP စခန်းမှာ နေထိုင်သူတွေက လက်ရှိ စခန်းကို ပိတ်သိမ်းပြီးသင့်တော်တဲ့ ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေး သဘောတူညီချက်များရယူခဲ့ပြီး အသေးစိတ် အချက်အလက်အား ဆက်လက် ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အစည်းအဝေးမှာ လွတ်လပ်စွာသွားလာခွင့်အတွက် ဥပဒေနဲ့ အညီဆောင်ရွက်နိုင်ဖို့ နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ်ပြား (NV Card) ကိုင်ဆောင်ဖို့၊ (NV Card) ကတ်ပြားကိုင်ဆောင်လို့  ရရှိနိုင်မယ့် အခွင့်အရေးတွေကိုလည်း  ရှင်းလင်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါရှိပါတယ်။ (NV Card)ကိုင်ဆောင်သူဟာ နိုင်ငံအတွင်း နေထိုင်သူအဖြစ် သက်သေခံနိုင်မယ်၊ မြန်မာနိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားစိစစ်မှု ခံယူဖို့  လျှောက်ထား ပိုင်ခွင့်ရှိမယ်၊ မြန်မာနိုင်ငံသား ဥပဒေနဲ့ အညီ နိုင်ငံသားဟုတ်မဟုတ် အဆုံးဖြတ်ပေးခံယူ နိုင်ပြီးရရှိတဲ့ နိုင်ငံသားအဆင့်အတန်းနဲ့အညီ သတ်မှတ် ထားတဲ့ အခွင့်အရေးတွေ ရရှိမယ်လို့ အစိုးရသတင်းမှာ ပါရှိပါတယ်။ (NV Card)ကိုင်ဆောင်သူမိဘတွေက မွေးဖွားလာတဲ့ သား သမီးတွေဟာလည်း မြန်မာနိုင်ငံသား ဥပဒေနဲ့ အညီ နိုင်ငံသား စိစစ်မှုခံယူ ဖို့  လျှောက်ထားပိုင်ခွင့်ရှိတယ်၊  (NV Card) ကိုင်ဆောင်သူဟာ မြန်မာနိုင်ငံအတွင်း ဘယ်အရပ်ဒေသကိုမဆို သွားလာ လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်၊  ညွှန်ကြားချက်များနဲ့ ခရီးသွားလာခွင့်ရှိတယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ရခိုင် ပြည်နယ်အတွင်း တရားဝင် ဖွင့်လှစ်ထားတဲ့ နယ်စပ် ဝင်/ထွက် ဂိတ်ကနေ တဆင့် နိုင်ငံဖြတ်ကျော် လက်မှတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် ဝင်/ထွက် သွားလာခွင့်ရှိတယ်၊ ရခိုင်ပြည်နယ် အတွင်းရှိ မိမိနေထိုင်ရာမြို့နယ်အတွင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် များနဲ့ အညီ လွတ်လပ်စွာခရီးသွားလာခွင့်ရှိတယ်၊ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ကို ရေလုပ်ငန်းလိုင်စင်နဲ့  ဥပဒေနဲ့ အညီထွက်ခွာခွင့်ရှိတဲ့ အခွင့် အရေးတွေ ရရှိမယ်လို့ အစိုးရသတင်းက ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီးကတည်းက တည်ရှိခဲ့တဲ့  IDP ဒုက္ခသည်စခန်းတွေဟာ အခုအခါ  ၅ နှစ် ကျော်ကြာ မြင့်လာပြီး စခန်းတွေထဲမှာ နေထိုင်သူ ၂သိန်းကျော်လောက်ဟာ ပြင်ပထွက်ခွာသွားလာခွင့် ဆုံးရှုံးနေကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024