A d v e r t i s e m e n t With Us

လှောင်အိမ်ထဲကဝက်ဝံကို သေနတ်ဖြင့် ရက်ရက်စက်စက်ပစ်သတ်သည့်ရုပ်သံ ဝေဖန်မှုများ (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းခရိုင်မှာ နေထိုင်တဲ့ တရုတ်အမျိုးသားတဦးဟာ မြန်မာနိုင်ငံကိုလာလည်တဲ့ ခရီးစဉ်အတွင်း လှောင်အိမ်ထဲက ဝက်ဝံကြီးတကောင်ကို ပစ်သတ်လိုက်တဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။ ဒီအဖြစ်အပျက်ဟာ မြန်မာနိုင်ငံတွင်း ဝပြည်နယ်မှာ ဖြစ်ခဲ့တာလို့ သည်ဆန်းသတင်းတပုဒ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ဖော်ပြပါတယ်။ ဒီဝက်ဝံကြီးဟာ လူတွေကို အန္တရာယ်ပြုတဲ့အတွက် လှောင်အိမ်ထဲ ထည့်ထားပြီး ဝပြည်နယ်အာဏာပိုင်တွေက သတ်ဖို့စီစဉ်ထားတာဖြစ်တယ်လို့ အဲဒီအမျိုးသားက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သတင်းက ဆိုပါတယ်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ရုပ်သံထဲမှာ အမည်ဖော်ပြမထားတဲ့ တရုတ်အမျိုးသားက လှောင်အိမ်ထဲက ဝက်ဝံကြီးရဲ့ဦးခေါင်းကို သေနတ်နဲ့ချိန်ပြီး တချက်တည်း ပစ်ခတ်လိုက်တဲ့အတွက် အနက်ရောင်ဝက်ဝံကြီးဟာ မြေပြင်ပေါ် လဲကျ သေဆုံးသွားပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ဒီရုပ်သံကို ဖြန့်ဝေခဲ့ကြတဲ့အတွက်  လူမှုကွန်ရက်သုံးစွဲသူတွေက အဲဒီအမျိုးသားကို ဝိုင်းဝေဖန်ခဲ့ကြပါတယ်။ အဆိုပါ တရုတ်အမျိုးသားကတော့ “ဝက်ဝံကြီးက လူတွေကို ထိခိုက်ဒဏ်ရာရအောင်လုပ်လို့ ဖမ်းထားတာ။ ကျနော်တို့ အဲ့ဒီနားဖြတ်သွားတော့ အာဏာပိုင်တွေက ကျနော့်ကို ပစ်သတ်ခွင့်ပြုခဲ့တာ” လို့ ပြောကြောင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ဝက်ဝံကို ပစ်သတ်မှုအတွက် အဲဒီအမျိုးသားကို တရားစွဲဆိုမှု ပြုလုပ်မလား၊ မလုပ်ဘူးလားဆိုတာတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

A d v e r t i s e m e n t With Us

More News
Up