Home
မြန်မာသတင်း
မုံရွာမြို့ဝင် တိုးဂိတ်ပြဿနာ ပြေလည်မှုရရှိ
Aung Ko Latt
·
January 2, 2018
မုံရွာမြို့ဝင် တိုးဂိတ်ငွေတောင်းနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့္ဂရုံး အစည်းအဝေးခန်းမမှာ ဇန်နဝါရီ ၂ ရက်က ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ အချက် ၅ ချက်နဲ့ ပြေလည်မှု ရရှိခဲ့ပါတယ်။ တိုးဂိတ်ကို ရွှေတောင်ဟိုင်းဝေးကုမ္ပဏီက B.O.T စနစ်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး မုံရွာမြို့တွင်းကနေ မိုးညှင်း၊ ဗောဓိတထောင် စတဲ့ ဘုရားဖူးသွားကားတွေ၊ မုံရွာ နည်းပညာတက္ကသိုလ်သွားတဲ့ ကားတွေနဲ့ ဒေသခံတောင်သူတွေရဲ့ ကုန်ထုတ်လုပ်မှုအတွက် သွားလာနေတဲ့ ကားတွေကို မုံရွာ-မြင်းမူလမ်းကြေးခအတိုင်း ကောက်ခံနေတာကြောင့် မကျေနပ်တဲ့အတွက် တိုးဂိတ်ရှေ့ ကားပိတ်ရပ်ထားမှု  ဒီဇင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရရုံးမှာ ဆွေးနွေးရာမှာ တိုးဂိတ်ကို ပြည်ထောင်စုက ဆုံးဖြတ်ချက်ချအပြီး ၆ လအတွင်း ရွှေ့ဆိုင်းရန်၊ မရွှေ့နိုင်သေးခင် မုံရွာမြို့ခံကားများ၊ မုံရွာမြို့ပြင်အနီးအပါး အခမဲ့ သွားလာနိုင်ရေး free card ထုတ်ပေးရန်၊ free card ကို အစည်းအဝေးအပြီး နှစ်ပတ်အတွင်း ထုတ်ပေးရန်၊ free card မရသေးတဲ့ မြို့ခံထပ်တိုးကားတွေအတွက်လည်း စိစစ်ရေးကော်မတီက စိစစ်ပြီး ကတ်ထုတ်ပေးရန်နဲ့ ဂိတ်ရွှေ့မယ့် နေရာကို လမ်းဦးစီးဝန်ထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းကော်မတီဖွဲ့စည်းပြီး ရွေးချယ်သွားဖို့ စတဲ့ အချက် ၅ ချက်ကို သဘောတူခဲ့ကြပါတယ်။ “ကျနော်တို့ကတော့ အဓိက တိုးဂိတ်နေရာ ရွှေ့ဖို့ပေါ့။ ဝန်ကြီး ပြောတာက အရပ်ဘက်က အရင်လိုလို့ နည်းနည်းအခက်အခဲဖြစ်တယ်ဆိုတဲ့ သဘောမျိုး ပြောတယ်။ ဒီကိစ္စက ကြာလှပြီ တောင်းဆိုထားကြတာ။ သူတို့လုပ်ရင် အဲလောက်ကြာစရာ အကြောင်းမရှိဘူး။ လောလောဆယ်တော့ အစည်းအဝေးမှာ အချက် ၅ ချက် ဆုံးဖြတ်နိုင်ခဲ့တယ်။ ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီအနေနဲ့လည်း တပတ်အတွင်း တိုးဂိတ်ရွှေ့ပြောင်းရေးနဲ့ပတ်သက်တဲ့ လူထုသဘောထား လက်မှတ်ကောက်ခံမှု signature campaign လုပ်သွားမှာပါ။ အဓိကကတော့ တိုးဂိတ်ပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေကိုပေါ့”လို့ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(မုံရွာ)က အဖွဲ့ဝင် ကိုစိုးဝင်းဆွေကပြောပါတယ်။ ဆွေးနွေးပွဲမှာ ချောင်းဦးမြို့နယ် စည်ပင်ဥက္ကဋ္ဌကလည်း ဂိတ်ရွှေ့ရင် ချောင်းဦးမြို့နယ်ထဲကို မရွှေ့ဖို့လည်း တင်ပြဆွေးနွေးခဲ့ပါသေးတယ်။ နေရာရွှေ့ဖို့ကတော့ အစိုးရ၊ အရပ်ဘက်၊ လွှတ်တော်၊ ကုမ္ပဏီတို့ပါတဲ့ ပူးပေါင်းအဖွဲ့နဲ့ ကွင်းဆင်းစစ်ဆေးပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဆွေးနွေးပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့က လျှပ်စစ်၊ လမ်းပန်းဝန်ကြီး ဦးသန်းညွန့်ဝင်း၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်၊ မုံရွာမြို့နယ် လွှတ်တော်အမတ် ၄ ဦး၊ ရွှေတောင်ဟိုင်းဝေးကုမ္ပဏီက မုံရွာ-စစ်ကိုင်းလမ်းပိုင်း တာဝန်ခံမန်နေဂျာ ဒေါ်မိုးဆွေဦးနဲ့ တာဝန်ရှိသူတွေ၊ လမ်းဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းက တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024