A d v e r t i s e m e n t With Us

မြောက်ကိုရီးယားနှင့် ထိပ်တန်းအဆင့် ဆွေးနွေးရန် တောင်ကိုရီးယား ကမ်းလှမ်း

၂၀၁၈ ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်မှာ နှစ်နိုင်ငံကစားသမားတွေ ပါဝင်ဆင်နွှဲနိုင်ရေး ဇန်နဝါရီလ ၉ ရက်နေ့မှာ မြောက်ကိုရီးယားနဲ့ ထိပ်တန်းအဆင့် ဆွေးနွေးလိုကြောင်း တောင်ကိုရီးယားက ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့မှာ လာမယ့် ဖေဖေါ်ဝါရီလ ကျင်းပမယ့် အားကစားပွဲတော်အတွက် အားကစားအသင်းတသင်း စေလွှတ်ဖို့ စဉ်းစားနေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ပြောဆိုပြီးနောက် တောင်ကိုရီးယားက အခုလို ကမ်းလှမ်းလိုက်တာပါ။ ကင်က နှစ်ဖက်စလုံး ပွဲတော်မှာ ပါဝင်ဆင်နွှဲဖို့ ဖြစ်နိုင်ခြေအတွက် အရေးပေါ် တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ပြောခဲ့တာပါ။ ဒါဟာ နှစ်ဖက် အကြီးအကျယ် တင်းမာနေတဲ့ ဆက်ဆံရေး တိုးတက်ဖို့ အခွင့်အရေးအတွက် ကမ်းလှမ်းမှုလို့ သူမြင်ကြောင်း တောင်ကိုရီးယားသမ္မတက အစောပိုင်းမှာ ပြောခဲ့ပါတယ်။ တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်ရှိ ပန်မွန်ဂျုံ (Panmunjom) ရွာမှာ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ တွေ့ဆုံကြဖို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချိုးမြောင်ဂျွန်းက ဇန်နဝါရီ ၂ ရက်နေ့မှာ ကမ်းလှမ်းလိုက်ပြီး ဒီရွာက နယ်စပ်မှာရှိတဲ့ အစောင့်အကြပ်တွေ ထူထပ်ရာ စစ်မဲ့ဇုန် ဖြစ်ပါတယ်။ အဲ့ဒီရွာမှာ တောင်နဲ့မြောက် သမိုင်းဝင် ဆွေးနွေးမှုတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ချိုမြောင်ဂျွန်းက “ပြုံချမ်းအားကစားပွဲတော်မှာ မြောက်ကိုရီးယားအဖွဲ့တွေ ပါဝင်ဖို့ တောင်နဲ့ မြောက် မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်သလို တောင်၊ မြောက် ကိုရီးယားရဲ့ အတွင်းပိုင်းဆက်ဆံရေးတွေ တိုးတက်ဖို့ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရမယ့် တခြား အကြောင်းအရာတွေ ဆွေးနွေးနိုင်ဖို့လည်း မျှော်လင့်တယ်” လို့ ပြောပါတယ်။ ဇန်နဝါရီ ၉ ရက်နေ့မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲကို ဘယ်သူတွေ တက်ရောက်မယ်ဆိုတာ မသိရှိရသလို မြောက်ကိုရီးယားဘက်ကလည်း ဘာမှ မတုံ့ပြန်သေးဘူးလို့ သိရပါတယ်။ နှစ်နိုင်ငံကြား နောက်ဆုံး ထိပ်တန်းဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ကေဆွန် (Kaesong) စက်မှုဇုန်မှာ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲက သဘောတူညီမှုမရဘဲ အဆုံးသတ်ခဲ့သလို ဆွေးနွေးပွဲရဲ့ လုပ်ငန်းစဉ်ကိုလည်း မထုတ်ပြန်ခဲ့ဘူးလို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up