Home
မြန်မာသတင်း
တရုတ်လူငယ် ၅ ဦး လိုက်လာသည့်ကားပေါ်မှ ကျပ်သိန်း ၁၅၀၀၀ ကျော်တန် မူးယစ်ဆေးများ ဖမ်းမိ
နန်းမြနဒီ
·
January 2, 2018
ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ် သံလွင်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီလ ၁ ရက် မွန်းလွဲပိုင်းက ကျပ်သိန်းပေါင်း တသောင်းခွဲကျော် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ စစ်ဆေးရေးဂိတ် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဟာ ယမန်နေ့  ညနေ ၂ နာရီလောက်က  လားရှိုး မိုင်းရှူးလမ်းမကြီးဘက်ကနေ သံလွင်ဂိတ်ကို ဖြတ်သွားမယ့် အပြာရောင် တိုယိုတာ ဟိုင်းလပ်စ်ကား တစီးကို မသင်္ကာလို့ တားဆီးစစ်ဆေးရာမှာ ကားဘော်ဒီအောက်မှာ အံဝှက်လုပ်ပြီး  သိမ်းလာတဲ့ အိုက်စ်မူးယစ်ဆေးထုပ်တွေ တွေ့ရတာလို့ ကွန်ဟိန်းမြို့နယ်ရဲ စခန်းမှ ရဲတပ်ကြပ် ကျော်ဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီကားပေါ်မှာ အသက် ၂၀ ကျော်ရွယ် လူငယ် ၅ ဦး လိုက်ပါလာတယ်။ သူတို့ကားကို မသင်္ကာလို့ စစ်ဆေးတာ  ကားဘော်ဒီအောက်မှာ အံဝှက်လုပ်ပြီး သိမ်းလာတဲ့  အိုက်စ် မူးယစ်ဆေးတွေ တွေ့ရတယ်။ ၁ ကီလိုထုပ် ၆၂ ထုပ်ဗျ။ ခန့်မှန်းတန်ကြေးကတော့ ၁ ကီလိုကို သိန်း ၂၅၀ နဲ့ဆိုတော့ ကျပ်သိန်းပေါင်း ၁ သောင်း ၅ ထောင် ၅ ရာပေါ့။  သူတို့ကတော့ အငှားသယ်လာပေးတာပါတဲ့။ တာချီလိတ် ရောက်မှ ပိုင်ရှင်က ဟိုတယ်မှာ လာယူမယ်ပေါ့။ သယ်ပေးခ ကျပ် ငါးသိန်း ရတယ်လို့ ပြောတယ်။” အဆိုပါ လူငယ် ၅ ဦးမှာ  ချိန်တဲ့စင်၊ လောဝူး၊ အားတီ၊ ရန်ကျူး၊ ကျန်ယိုကွေ့တို့ ဖြစ်ကြပြီး အသက် ၂၀ နဲ့ ၂၄ နှစ်ကြား တရုတ်လူငယ်တွေဖြစ်ကာ  တာမိုးညဲဘက်ကလို့  ဆိုပါတယ်။ သူတို့အားလုံးကို ကွန်ဟိန်းမြို့နယ် ကာလိရဲစခန်းမှ ရဲအုပ်သူရထွန်းက မူးယစ်ဆေးဝါးပုဒ်မ ပ-၁/၂၀၁၈ မူးစိတ် ၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့်ထားပြီး နောက်ထပ် ကွင်းဆက်တွေ လိုက်လံစုံစမ်းဖော်ထုတ်သွားမယ်လို့  ရဲတပ်ကြပ်ကျော်ဝင်းနိုင်က ပြောပါတယ်။ ဓာတ်ပုံ - Kyaw Kyaw
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024