A d v e r t i s e m e n t With Us

မယုံရဲရဲ ရဲရဲမယုံ

‘မောင်ရင်ကြားပြီးပြီလား’ စာရေးဆရာထက်မြက်ရဲ့အသံက ဖုန်းထဲက ခုန်ထွက်လာပါတယ်။ ‘ပြောပါဆရာ ဘာထူးလို့လဲ’ ‘ရိုက်တာက သတင်းသမားနှစ်ယောက် အဖမ်းခံရလို့တဲ့၊ အဲဒါ ဟုတ်မဟုတ် ခင်ဗျားကို လှမ်းမေးတာ’ ကျနော် အောက်ထပ်က သတင်းခန်းကို ချက်ချင်း ဆင်းမေးပါတယ်။ ‘ဟုတ်တယ် ဦးဇေ ခုပဲ လိုင်းပေါ်တက်နေတယ်၊ ဘာကြောင့်လဲဆိုတာတော့ အတည်ပြုလို့ မရသးဘူး’ ဆရာထက်မြက်ဆီကို ကြားတဲ့သတင်း မှန်ကန်ကြောင်းနဲ့ ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရသေးတဲ့အကြောင်း အကြောင်းပြန်လိုက်ပါတယ်။ သတင်းခန်းထဲမှာလည်း အဲဒီသတင်းကို သတင်းထောက်တွေက အတည်ပြုဖို့ ကြိုးစားနေကြပါတယ်။ မကြာခင်ပဲ ရိုက်တာက သတင်းသမားနှစ်ယောက်ကို ရဲဖမ်းသွားတယ်ဆိုတဲ့ သတင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။ သတင်းသမားတယောက်ဟာ အခက်အခဲတခုခု ကြုံတာနဲ့ ချက်ချင်း သူယုံကြည်ရတဲ့ သတင်းထောက်တယောက်ယောက်၊ ဒါမှမဟုတ် သူတာဝန်ထမ်းဆောင်နေရတဲ့ သတင်းဌာနကို ချက်ချင်း အကြောင်းကြားရပါတယ်။ ဒါဟာ သတင်းသမားတိုင်း ချက်ချင်းလုပ်ရမယ့် လုပ်ဆောင်ချက်ပါ။ သူပေးလိုက်တဲ့သတင်းကို သူ့မိတ်ဆွေ သတင်းသမားက အခြားသတင်းထောက်တွေဆီကို ချက်ချင်းဖြန့်လိုက်ပြီး လိုင်းပေါ်မှာ တိုင်ပင်လိုက်ကြပါတယ်။ သက်ဆိုင်ရာ သတင်းဌာနတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ နိုင်ငံတကာ သတင်းဌာနတွေဆီကို ချက်ချင်း သတင်းရေးပို့သူက ပေးပို့၊ အတည်ပြုချက် ရယူသူက ရယူကြပါတယ်။ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ သတင်းသမားကို ဒုက္ခတွင်းက ချက်ချင်းလွတ်မြောက်အောင် လုပ်ဆောင်ကြပါတော့တယ်။ သတင်းသမားရဲ့ နောက်ဆုံးအခြေအနေကိုလည်း သတင်းကွန်ရက်တွေကတဆင့် သတင်းသမားအချင်းချင်း စဉ်ဆက်မပြတ် အကြောင်းကြားလေ့ရှိပါတယ်။ ရိုက်တာသတင်းထောက်နှစ်ယောက်ကို ဖမ်းဆီးပြီး ၁၆ ရက်အကြာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ သတင်းထောက် မိသားစုဝင်တွေက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ… “ရဲကနေ ဖုန်းနဲ့ချိန်းတယ်၊ ဒီနေ့လာယူပါ၊ ဒီနေ့လာယူရမယ်ဆိုလို့ သွားယူတာ၊ စာရွက်စာတမ်းက ဘယ်လိုစာရွက်စာတမ်းတွေ၊ ဘာတွေရေးထားတယ်ဆိုတာ သူတို့မသိရဘူး၊ ရဲတယောက်က စာလိပ်နှစ်လိပ်ကို တယောက်တလိပ်ပေးပြီး ပြန်လွှတ်တာ၊ ပြန်ထွက်ထွက်ချင်းပဲ ရဲလေးငါးယောက်ကနေ ၀ိုင်းဖမ်းတာ” လို့ ကိုဝလုံးရဲ့ဇနီးက ကိုဝလုံး ပြောတဲ့အကြောင်း ပြန်ပြောပါတယ်။ အန်အယ်လ်ဒီပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကလည်း ဒီဇင်ဘာ ၁၈ ရက်နေ့မှာ သတင်းသမားတွေနဲ့ တွေ့ဆုံတဲ့အခါ သတင်းထောက်နှစ်ယောက်ကို ဖမ်းတာဟာ ထောင်ခြောက်ဆင်ဖမ်းတာ ဖြစ်တယ်လို့ ရှင်းရှင်းဘွင်းဘွင်းပဲ ပြောပါတယ်။ သတင်းသမားတွေက ဦးဝင်းထိန်ကတော့ လုပ်ချလိုက်ပြန်ပြီလို့ အချင်းချင်း ခပ်တိုးတိုး ပြောကြပါတယ်။ ကျနော့်မသိစိတ်ကလည်း ဦးဝင်းထိန်ပြောစကားကို ချက်ချင်း လက်ခံလိုက်မိပါတယ်။ ကျနော်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံအရပါ။ ၂၀၁၁ ခုနှစ်က ကျနော် မန္တလေးထောင်က သီပေါထောင်ကို ပြောင်းရတဲ့အခါ ကျနော့်ဘေးမှာ ရဲအစောင့် ၅ ယောက်လောက် ပါပါတယ်။ စောင့်ကြပ်ရတဲ့ ရဲတွေလည်း ပြောင်းတိုပြောင်းရှည်သေနတ်တွေ တကားကား။ ကျနော်ကတော့ လက်ထိပ်တွေ၊ သံခြေချင်းတွေ တန်းလန်းနဲ့။ မန်း-လားရှိုး ရထားကလည်း ကျပ်လိုက်တာ၊ နှစ်ယောက်ထိုင်ခုံပေါ်မှာ သုံးယောက်ထိုင်၊ တယောက်ပေါင်ပေါ် တယောက်ထိုင်၊ ထိုင်ခုံနောက်မှီပေါ်မှာလည်း တက်ထိုင်သူတွေထိုင်၊ ထိုင်ခုံဘေး လူသွားလမ်းပေါ်မှာလည်း တယောက်ပေါ်တယောက်ထပ်။ ကြပ်မှကြပ်တဲ့ ရထားပါ။ ရထားဟာ မေမြို့ဘူတာကို လွန်လာပြီ၊ နေကလည်း လင်းစပြုနေပြီမို့ ကျေန်ာနဲ့ ရဲအစောင့်တွေဟာ တယောက်မျက်နှာကို တယောက် ထင်ထင်ရှားရှား မြင်နိုင်ကြပါပြီ။ ရဲတပ်သားတွေဟာ အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်တွေပါ။ သူတို့က ကျနော်နဲ့ မျက်နှာချင်းဆိုင်ဖို့ အတတ်နိုင်ဆုံး ရှောင်ရှားနေတာကို သတိထားမိပါတယ်။ ကျေနာ် စကားစလိုက်တဲ့အခါတိုင်း သူတို့ မကြားသလို နေကြပါတယ်။ ကျေန်ာနဲ့ စကားမပြောရဆိုတဲ့ အမိန့်ကို သူတို့ အတိအကျ လိုက်နာနေတာ သိသာပါတယ်။ ကျေနာ် ဘယ်သူဘယ်ဝါဆိုတာကို သူတို့ သိခွင့်ရှိပုံမရပါ။ ထမင်းစားချိန် ရထားဘူတာရောက်တော့ ထမင်းဝယ်ကျွေး၊ ရေဝယ်တိုက်၊ ဒါပေမယ့် စကားတော့ မပြောပါ။ နေ့လယ်ဘက်ရောက်တော့ သူတို့ ရဲအချင်းချင်း စကားတွေ ဖောင်ဖွဲ့နေပါပြီ။ သူတို့ဘဝ သူတို့အတွေ့အကြုံတွေပါ။ ‘အဲဒီညက ကောင်မတော့ တော်တော်ပြိုင်းသွားတယ်၊ တညလုံးပဲ။ ငါလည်း တော်တော်ကုန်သွားတယ်။ မနက်ရောက်တော့ တည်းခိုခန်းကနေ တရားရုံးကို အမှီသွားရတယ်။ စခန်းကိုလည်း သတင်းပို့ရတယ်။ အသွင်ယူဖမ်းရတာ စားသာပေမယ့် တော်တော်ပင်ပန်းတယ်။ တရားရုံးတင်တော့ ကောင်မက တရားသူကြီးရှေ့မှာ ငါ့ကိုပြောသေးတယ်။ ညတုန်းက သောက်ခွက်ကတမျိုး အခုသောက်ခွက်က တမျိုးတဲ့ ဟားဟားဟား’ သူတို့ ပြည့်တန်ဆာတယောက်ကို ဖမ်းတဲ့အကြောင်း အတွေ့အကြုံတွေ ‘ရှယ်’နေကြတာပါ။ ကျေန်ာကတော့ သူတို့ရယ်သံတွေကို မကောင်းဆိုးဝါး ရယ်သံတခုလို အခုထိ ကြားနေပါသေးတယ်။ သတင်းသမားတွေ တက်ရောက်ခွင့်ရတဲ့ ကျား၊ မ Gender သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ တက်ရတိုင်း အဲဒီ မကောင်းဆိုးဝါးရယ်သံဟာ ကျနော့်နားမှာ ကျယ်ကျယ်လောင်လောင် ပြန်ပေါ်တတ်ပါတယ်။ ကူညီပါရစေဆိုတဲ့ စာတန်းကို မြင်လိုက်တိုင်း မကောင်းဆိုးဝါးတယောက်ရဲ့ ကျိန်စာကို ဖတ်မိသလို ကြက်သီးတွေ တဖျန်းဖျန်းထမိပါတယ်။ ကျေနာ့်ရဲ့ နက်ရှိုင်းတဲ့ရင်ထဲမှာ ပြည်သူ့ရဲတွေအပေါ် အဆိုးမြင်မှုတွေ အမြစ်တွယ်နေတာကို ကျေနာ် သတိပြုမိပါတယ်။ ခေတ်တွေလည်း ပြောင်းခဲ့ပါပြီ၊ စနစ်တွေလည်း ပြောင်းခဲ့ပါပြီ။ ပြောင်းလဲချိန်တန်ပြီ၊ စိတ်ဓာတ်တွေ၊ အတွေးအမြင်တွေက စပြီး ပြောင်းရမယ့်အချိန် ရောက်ပါပြီ။ ကျနော့်စိတ်တွေ ခံစားမှုတွေကို အကောင်းမြင်တတ်အောင် လေ့ကျင့်နေရပါပြီ။ အထူးသဖြင့် သတင်းသမားတယောက်အနေနဲ့ အသက်မွေးနေရသူမို့ အဘက်ဘက်က မျှတတဲ့ အတွေးတွေရှိဖို့ ကြိုးစားနေရပါပြီ။ ဦးဝင်းထိန် ပြောသလို သတင်းသမားနှစ်ယောက်ကို ထောင်ဖမ်းတာ ဆိုတဲ့အမြင်ကို အတတ်နိုင်ဆုံး ဖျောက်ဖျက်ဖို့ ကျနော် ကြိုးစားပါတယ်။ ဒါပေမယ့် ရဲကနေ ဖုန်းနဲ့ချိန်းတယ် ဒီနေ့လာယူပါ၊ ဒီနေ့လာယူရမယ်ဆိုလို့ သွားယူတာ၊ ….. ရဲတယောက်က စာလိပ်နှစ်လိပ်ကို တယောက်တလိပ်ပေးပြီး ပြန်လွှတ်တာ၊ ပြန်ထွက်ထွက်ချင်းပဲ ရဲလေးငါးယောက်ကနေ ဝိုင်းဖမ်းတာ ဆိုတဲ့ ကိုဝလုံးပြောစကားကို သူ့ဇနီးက သတင်းစာရှင်းလင်းပွဲမှာ ပြန်ပြောလိုက်တာကို ကြားလိုက်ရတော့ ….. ကျေနာ့်စိတ်တွေ နောက်ပြန်လှည့်မသွားအောင် သတိကြီးကြီးနဲ့ ထိန်းထားရပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မှာပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးယန္တရားက တာဝန်ရှိသူတွေ၊ လုံခြုံရေးတာဝန် ထမ်းဆောင်နေသူတွေရဲ့ မဟုတ်မမှန် လုပ်ဆောင်နေတာတွေ တိုင်ကြားဖို့ ပြောသွားတာ ကြားလိုက်ရတော့ ကျနော့်စိတ်ခြေလှမ်းတွေက ရှေ့ဆက်လျှောက်ဖို့ အတွင်းအားတွေ ရလာပြန်ပါတယ်။ ဒါပေမယ့် ဘယ်ကိုတိုင်ကြားရမှာလဲ၊ ဘယ်လိုတိုင်ကြားရမှာလဲ၊ ဘယ်လိုအရေးယူပေးမှာလဲ၊ စတာတွေ ရှင်းရှင်းလင်း မရှိသေးတဲ့အချိန်မို့ စိတ်ထဲမှာ မယုံရဲရဲ ရဲရဲမယုံနဲ့ပဲ ရှေ့ဆက်လျှောက်ရပါဦးမယ်။ သားကြီးမောင်ဇေယျ

A d v e r t i s e m e n t With Us

More News
Up