လွတ်မြောက်လာသည့် အထွေထွေအကျဉ်းသားများ မိသားစုဘဝ ရပ်တည်နိုင်ရေး ကူညီပေးမည်
ပြည့်ဘုန်းအောင်
·
January 2, 2018
အကျဉ်းထောင်တွေကနေ ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို ပြင်ပလောကမှာ မိသားစုဘဝ ရပ်တည်နိုင်ဖို့အတွက် အလုပ်အကိုင် ရှာဖွေပေးမယ့်အပြင် ဝါသနာပါတဲ့ သင်တန်းတွေ တက်ရောက်နိုင်ဖို့ အထွေထွေ အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးမြန်မာက ကူညီပေးမယ်လို့ ပြောပါတယ်။
အထွေထွေအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ အင်းစိန်ထောင်ရှေ့မှာ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို ဇန်နဝါရီ ၂ ရက်က လက်ကမ်းစာစောင်တွေ လိုက်လံဝေငှခဲ့ပြီး အားပေးနှစ်သိမ့်ခဲ့ပါတယ်။
အကူအညီယူလိုတဲ့ အကျဉ်းသားတွေအနေနဲ့ လွှတ်ဝရမ်းပြပြီး အသင်းကို ဆက်သွယ်ကာ သင်ကြားလိုတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ လုပ်ကိုင်လိုတဲ့ အလုပ်အကိုင်ကိုအဖွဲ့က အခမဲ့ ဆောင်ရွက်ပေးမှာပါ။
ဒါ့အပြင် ကျန်းမားရေး ချို့ယွင်းတဲ့ အကျဉ်းသားတွေကိုလည်း ပုဂ္ဂလိက ဆေးခန်းတွေ၊ အစိုးရဆေးရုံတွေနဲ့ ချိတ်ဆက်ကာ အခမဲ့ ဆေးကုသပေးသွားမှာပါ။
အဖွဲ့အနေနဲ့ ပထမဦးဆုံးအကြိမ် အင်းစိန်အကျဉ်းထောင်ရှေ့မှာ ပြုလုပ်တာဖြစ်ပြီး နောက်ပိုင်းမှာ ပြည်နယ်အသီးသီးမှာ ကွန်ရက်တွေ ချိတ်ဆက်ကာ အကျဉ်းထောင်ရှိတဲ့ မြို့တွေမှာ လိုက်လံဆောင်ရွက်သွားဖို့ ရှိပါတယ်။