လမ်းဘေးလမ်းလျှောက်နေသူအား နောက်မှ ကားဖြင့်ဝင်တိုက်၍နေရာမှာပင် သေဆုံး
DVB
·
January 2, 2018
မကွေးတိုင်း တောင်တွင်းကြီးမြို့ ချောင်းနက်-နေပြည်တော် ကားလမ်းမှာ ဇန်နဝါရီ ၁ ရက် နေ့လယ် ၁ နာရီခွဲလောက်က ကားလမ်းဘေးလမ်းလျှောက်နေသူ တဦးကို ကားတစီးက အနောက်က ဝင်တိုက်လို့ နေရာမှာပင် သေဆုံးခဲ့တယ်လို့ ဆတ်သွားနယ်မြေရဲစခန်းက သိရပါတယ်။
ချောင်းနက်-နေပြည်တော်ကားလမ်း မိုင်တိုင်အမှတ် (၆၄/၃) သဲကျွန်းကျေးရွာနားမှာ ချောင်နက်ဘက်မှ နေပြည်တော်ဘက်ကို ကင်ပွန်းတောင်ကျေးရွာနေသူ နေဝင်း (၄၅ နှစ်)ဟာ လမ်းယာဘက်အတိုင်း လမ်းလျှောက်လာစဉ် ယာဉ်မောင်း မျိုးဇော်ဦး (၃၉ နှစ်)မောင်းနှင်လာတဲ့ Light Truck အဖြူရောင်ယာဉ်က နောက်ကနေပြီး ဝင်ရောက်တိုက်မိခဲ့တာပါ။
ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ မျိုးဇော်ဦး (၃၉ နှစ်) ကို ဥပဒေအရအရေးယူပေးဖို့ တာဝန်မှူး ဒုရဲအုပ်ချစ်စိုးမင်းက တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် ဆတ်သွားနယ်မြေရဲစခန်း ဒုရဲအုပ် ကျော်ကိုသက်က ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)နဲ့ အမှု စစ်ဆေးဆောင်ရွက်နေပါတယ်။။
သတင်း - သားကြီး (တောင်တွင်းကြီး)