ကျမ်းကျိန်ပြဿနာ အကျယ်မချဲ့လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ပီတာအောင်
·
April 26, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ လွှတ်တော်တက်ဖို့ အခက်တွေ့စေတဲ့ ကျမ်းကျိန်စာသားပြဿနာဟာ လုပ်ထုံးလုပ်နည်း ကိစ္စဖြစ်ပြီး ဒီကိစ္စကို အကျယ်မချဲ့စေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီး ဂျူလီယို တာဇီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
[caption id="attachment_24610" align="alignright" width="300" caption="အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်"][/caption]
“ဒါဟာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စသက်သက်ဖြစ်တယ်လို့ ကျမတို့ မှတ်ယူစေချင်ပါတယ်။ နိုင်ငံရေးကိစ္စရပ်တခု ဖြစ်လာတဲ့အထိရောက်အောင် မချဲ့စေချင်ပါဘူး။ ကျမတို့ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်နေဦးမှာပါ။ အထူးသဖြင့် သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးစားအားထုတ်မှုတွေဟာ ရိုးသားမှုရှိတယ်လို့ ယုံကြည်တဲ့အတွက်ပါ။ ပြီးတော့ သူဟာ မြန်မာပြည်ကို အမှန်တကယ် တိုးတက်ကြွယ်ဝတဲ့ တိုင်းပြည်အဖြစ် မြင်ချင်သူလို့ ယုံပါတယ်။ ဒါ့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီစနစ်ဆီ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ သမ္မတနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် ဆောင်ရွက်သွားမယ်။”
ဒါ့ပြင် အီတလီ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာ မြန်မာပြည်ရဲ့ အနာဂတ်အရေးနဲ့ ဖွံ့ဖြိုးရေးအကူအညီပေးရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပြီး မြန်မာပြည်ရှေ့ရေးအတွက် သတိနဲ့ အကောင်းမြင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
အီတလီနိုင်ငံခြားရေးဝန်ကြီး ဂျူလီယို တာဇီကတော့ “မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး နောက်ပြန်မလှည့်ရင် အီးယူရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ဆိုင်းငံ့ထားတာဟာလည်း နောက်ကြောင်းပြန်မသွားနိုင်ပါဘူး။ အီးယူရဲ့ ဆုံးဖြတ်ချက်ကို အီတလီက အခိုင်အမာ ထောက်ခံတယ်လို့ သမ္မတဦးသိန်းစိန်ကို ရှင်းပြခဲ့ပါတယ်။ အီးယူက မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တာပါ။ ပယ်ဖျက်လိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့ အကောင်းမြင်ဖို့လိုပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ သတိထားရပါမယ်။ ပြီးတော့ ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ် သေချာစေဖို့၊ ရပ်တန့်မသွားဖို့၊ နှေးကွေးမသွားဖို့ကျနော်တို့ အတူတွဲလိုက်ပါသွားဖို့ လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။
အီတလီ နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ရက်တွေက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းတို့နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ပြန်ကြားရေးရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးရာမှတော့ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ရှေးဟောင်း သုတေသနဌာန ညွှန်ချုပ် ဦးကျော်လင်းဦးက “မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းရေးအတွက် စွမ်းရည်မြှင့်တင်ရေး စီမံကိန်းတွေကို အီတလီအစိုးရနဲ့ UNESCO (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့)တို့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်၊ လာမယ့်နှစ်တွေမှာ မြန်မာ့ အမွေအနှစ်တွေကို ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အမည်စာရင်း တင်သွင်းနိုင်ရေး လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်”လို့ ရိုက်တာ သတင်းကို ပြောပါတယ်။
ဒါ့အပြင် အီတလီအစိုးရက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိမ်းသိမ်းရေး စီမံကိန်းတွေအတွက် ယူရိုငွေ ၄ သိန်း လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။
ဒီထောက်ပံမှုတွေဟာ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ် ဒေသတွေ ဖြစ်တဲ့ ပျူနဲ့ ပုဂံ ဒေသတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာမှာ အကူအညီ ဖြစ်စေလိမ့်မယ်လို့ UNESCO က ပြောကြားထားပါတယ်။